
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာအဝင်လမ်း ဘောလုံးကွင်းအနီးမှာ မတ် ၁၀ ရက် မနေ့မနက်ပိုင်းက ရွာခံအမျိုးသား ၂ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
မုဒုံမြို့နယ် ကလော့သော့ကျေးရွာအဝင်လမ်း ဘောလုံးကွင်းအနီး ကျေးလက်ကျန်းမာရေးဌာနရှေ့မှာ မတ် ၁၀ ရက် မနက် ၂ နာရီလောက်က သေနတ်ဒဏ်ရာ ၆ ချက်နဲ့ လဲကျသေဆုံးနေတာလို့ ရွာခံတယောက်က DVB ကို ပြောပါတယ်။
"ကလော့သော့ရွာက တယောက်နဲ့ ကော့ခပီထောရွာက တယောက်ပါ။ ၂ ယောက်စလုံးက ရွာထဲမှာ ခိုးဆိုးလုယက်မှုနဲ့ ခဏခဏ အရေးယူခံနေရတာ။ ကျနော်တို့ရွာမှာက ပြည်သူ့စစ်အဖွဲ့တွေက ကင်းလှည့်နေတာတွေတော့ရှိတယ်။ အခုဟာက ရွာပြင်မှာဖြစ်တာဆိုတော့ ဘယ်သူပစ်သွားလဲ ဆိုတာတော့ သေချာမသိဘူး။"
သေနတ်နဲ့ ပစ်ခတ်ခံရသူတွေမှာ အသက် ၂၅ နှစ်အရွယ် မွန်ထိုင်းနဲ့ အာဂလန်တို့ဖြစ်ပြီး သူတို့ ၂ ယောက် လဲကျသေဆုံးတဲ့ နေရာအနီးမှာလည်း AK-47 ကျည်ခွံ ၆ ခုကိုတွေ့ရှိခဲ့ကြောင်း ရွာသားတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရသူ ၂ ယောက်က ကလော့သော့ကျေးရွာနဲ့ အနီးနားရွာတွေမှာ ဆိုင်ကယ်၊ ဖုန်းနဲ့ တခြားတန်ဖိုးရှိ ပစ္စည်းတွေကို မကြာခဏ ခိုးယူနေသလို မူးယစ်ဆေးရောင်းဝယ်တာတွေ လုပ်ဆောင်နေတာကြောင့် လတ်တလော မုဒုံမြို့နယ်ထဲက ရဲစခန်းတွေမှာ တိုင်ချက်ဖွင့်ခံထားရဆဲဖြစ်ကြောင်း မြို့မရဲစခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကလည်း မုဒုံမြို့နယ် ကလော့သော့ကျေးရွာအဝင်လမ်းအနီး မုဒုံ - သံဖြူဇရပ်ကားလမ်းဘေးရှိ "မေတ္တာမန်" စက်သုံးဆီအရောင်းဆိုင်မှာ ဆိုင်ကယ်တစီးနဲ့ လက်နက်ကိုင်အမျိုးသား ၃ ယောက် ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်ကာ ကောင်တာက ငွေကျပ် ၆ သိန်းကျော်ကို လုယက်ယူဆောင်သွားကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။