Home
နိုင်ငံတကာ
ဂါဇာရှိ စာသင်ကျောင်းများကို အစ္စရေး လေကြောင်းတိုက်ခိုက်၊ ၃၃ ဦးထက်မနည်း သေဆုံး
DVB
·
April 7, 2025
Photo: Reuters

ဂါဇာစီးတီးရဲ့ တပ်ဖာရပ်ကွက်က စာသင်ကျောင်း ၃ ကျောင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်လို့ ပါလက်စတိုင်း ၃၃ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဧပြီ ၃ ရက်ကလည်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒါအယ်လ်အာကမ် ကျောင်းကို စစ်ဘေးရှောင်စခန်းအဖြစ် အသွင်ပြောင်းထားတဲ့ ခိုလှုံရာနေရာမှာ ကလေးငယ် ၁၈ ယောက် အပါအဝင် လူ ၂၉ ယောက် သေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာအစိုးရ မီဒီယာရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ကျောင်းကို ဒုံးကျည် ၄ စင်းထက်မနည်း ထိမှန်ခဲ့တယ်လို့ မြို့ပြကာကွယ်ရေး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အိုးအိမ်မဲ့ မိသားစုတွေ ခိုလှုံရာ ဂါဇာစီးတီး ဧရိယာက ဖာဟဒ်ကျောင်းကို အစ္စရေးက တိုက်ခိုက်လို့ လူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုက တပ်ဖာဒေသက ရှားဘန် အယ်လ်ရေးယပ်စ် စာသင်ကျောင်းကိုလည်း ထိမှန်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ အသေအပျောက် စာရင်းကို ချက်ချင်း မသိရသေးပါဘူး။

ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက အစ္စရေးအရပ်သားတွေနဲ့ စစ်သားတွေကို တိုက်ခိုက်ဖို့ စီစဉ်ပြီး ကွပ်မျက်ဖို့ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေ သုံးခဲ့တဲ့ ဂါဇာမြို့မှာရှိတဲ့ ကွပ်ကဲမှုစင်တာတခုကို အစ္စရေးစစ်သားတွေက တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

စာသင်ကျောင်းကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုနဲ့ အတူတူ ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရပါဘူး။

သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် မတ် ၁၈ ရက်မှာ တိုက်ပွဲတွေ ပြန်စခဲ့ပြီး နောက်ပိုင်း ပါလက်စတိုင်းနယ်မြေမှာ လူ ၁,၁၆၃ ယောက် သေဆုံးခဲ့တယ်လို့ ဟားမတ်စ်တွေ ကြီးကြပ်တဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့ အစောပိုင်းမှာ ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ စစ်ပွဲစတင်ချိန်ကစပြီး ဂါဇာမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၅၀,၅၀၀ ကျော် သေဆုံးခဲ့ပြီး ၁၁၄,၀၀၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အစ္စရေးတောင်ပိုင်းကို ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုအပြီး လူပေါင်း ၁,၁၃၉ ယောက် သေဆုံးပြီးတဲ့နောက် ဂါဇာစစ်ပွဲ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခံရပေမဲ့ ပြေးစရာမရှိဘဲ အဝိုင်းခံ ကမ်းမြောင်ထဲမှာ ပိတ်မိနေတဲ့ စစ်ပြေးမိသားစုတွေ ခိုလှုံရာ ဂါဇာကမ်းမြောင်ထဲက ခိုလှုံရေးစခန်းတွေကို အစ္စရေးတပ်ဖွဲ့တွေက ပုံမှန်ပစ်မှတ်ထားနေတယ်လို့ အယ်လ်ဂျားဇီးယားက ဖော်ပြပါတယ်။

လခြမ်းနီအသင်းရဲ့ ယာဉ်တန်းနားမှာ မတ်လအတွင်း တွင်းတိမ်တိမ်ထဲမှာ မြှုပ်နှံထားတဲ့ ပါလက်စတိုင်း ကယ်ဆယ်ရေးလုပ်သား ၁၅ ယောက် သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒီအမှုဟာ တကမ္ဘာလုံးကို အချက်ပေးသလို ဖြစ်ခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024