
နိုင်ငံတ၀န်း ငလျင်ဘေးသင့်နေတဲ့အချိန် ၂၁ ရက်ကြာ ယာယီအပစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကရင်နီက စစ်မြေပြင်တွေနဲ့ မြို့တွေကို လေကြောင်းကနေကော လက်နက်ကြီးတွေနဲ့ပါ ဆက်လက်တိုက်ခိုက်နေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေရှိတဲ့ ရွာတွေထဲ လက်နက်ကြီး၊ လေကြောင်းနဲ့ အသေခံဒရုန်းသုံးပြီး ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။
ဧပြီ ၄ ရက်က မိုးဗြဲနဲ့ လွိုင်ကော်ကြားက ပီကင်းကောခူ ကျေးရွာမှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ IEC အတွင်းရေးမှူး ၂ ကိုဗညား က အတည်ပြုပါတယ်။
“အခုထိတော့ ထိုးစစ်ဆင်တဲ့ပုံစံတော့ မတွေ့ရသေးဘူးဗျ။ မနေ့ကတော့ လက်နက်ကြီးပစ်လို့ ရွာသားတဦးသေပြီး ၃ ဦးဒဏ်ရာရတယ်။ ပြီးတော့ ညနေ ၃ နာရီမှာ လေယာဥ်နဲ့လာဗုံးကြဲလို့ ၄ ဦး သေသွားပါတယ်။ အဲ့ဖြစ်ရပ်နှစ်ခုလုံးက ပီကင်းကောခူရွာကပါပဲ။”
ဧပြီ ၄ ရက်နေ့ကလည်း ရှမ်းတောင် - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ထဲက ခေါင်းအိရွာသစ်ကို စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်ခဲ့ရာ တစင်းကို ပစ်ချခဲ့ရတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။
ဖရူဆိုမြို့ထဲမှာလည်း တိုက်ပွဲမဖြစ်ဘဲ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးလိုက်ရှို့နေတဲ့အတွက် ပြည်သူနေအိမ် ၆ လုံး ထက်မနည်း ပျက်စီးခဲ့ပါသေးတယ်။
ရှမ်းတောင်စစ်ဒေသခွဲ အမှတ် ၁ ဗျူဟာ ပြန်ကြားရေးတာ၀န်ခံက “ရှမ်းတောင် ဖယ်ခုံ မိုးဗြဲဘက်ကို တချက်ကြည့်ရမှာပေါ့။ ကျန်တဲ့နေရာတွေမှာတော့ စစ်ကြောင်းထိုးတာမရှိဘူး။ ဒါပေမဲ့ ဖရူဆို မြို့ပေါ်မှာတော့ စစ်ကောင်စီကနေပြီးတော့ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာတွေတော့ရှိတယ်” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်အရ ငလျင်လှုပ်ပြီး ၁ ပတ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဒရုန်းအပါအဝင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၆၃ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တယောက်၊ အမျိုးသမီး ၁၅ ယောက် အပါအ၀င် အရပ်သားပြည်သူ ၆၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။