Home
မြန်မာသတင်း
မတ္တရာတွင် စစ်တပ်က စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်
DVB
·
April 6, 2025

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၄ ရက် ည ၈ နာရီကစပြီး ဧပြီ ၅ ရက် နေ့ခင်း ၂ နာရီကျော်အထိ မြေပြင်စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ကူ အပါအဝင် လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြေပြင်စစ်ကြောင်းထိုးတဲ့ စစ်သားတွေဟာ သရက်ကိုင်းရွာ၊ မြကန်သာကျေးရွာဘက်က စစ်သားတွေနဲ့ ပြည်သူ့စစ် အပါအဝင် ပျူစောထီးတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “မနေ့က ည ၈ နာရီခွဲလောက်က မတ္တရာအရှေ့တောင်ခြမ်း ထန်းပင်ကုန်း၊ ကုန်းသာရွာဘက်ကို သရက်ကိုင်း အထိုင်စခန်းကနေ တဖက်သတ် စစ်ကြောင်းထိုးပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ဝင်ရောက်လာတာ ရှိခဲ့တယ်ဗျ။ အဲလို စစ်ကြောင်းထိုးနေချိန်မှာလည်း ဝေဟင်ကနေ Y12 တစီးနဲ့ ၃ ပတ် ကင်းပတ်ခဲ့တယ်။ ဗုံးသီးတော့ ကြဲချမသွားဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဧပြီ ၅ ရက် မနက် ၁၀ နာရီမှာလည်း မတ္တရာမြို့နယ်၊ မြောင်းသစ်ရွာအနီးဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံရွာသား နောက်ထပ်တယောက်က “ကျနော်တို့ ပြည်သူအများစု နေထိုင်ကြတဲ့ ကျေးရွာတွေဆီကို မတ္တရာမြို့ပေါ် ကနေ လက်နက်ကြီး ၃လုံးနဲ့ ပစ်ခတ်သွားတယ်ဗျ။ အဲလိုပစ်ခတ်လို့ အနောက်မြောင်းသစ်ရွာဘက်ကို ၂ လုံး ကျရောက်ပေါက်ကွဲတယ်။ ကျန်တဲ့တလုံးကတော့ တောင်ကန်ရွာဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်ဗျ။ အဲလိုကွဲလို့ ပဲခင်းအတွင်းမှာ ပဲကောက်‌နေတဲ့ ၁၂ နှစ်အရွယ်၊ မိန်းကလေးငယ်တဦး ခြေထောက်အရိုးပေါ်တဲ့အထိ ထိမှန်ဒဏ်ရာရခဲ့ရပါတယ်ဗျ” လို့  ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဧပြီ ၅ ရက် နေ့ခင်း ၂ နာရီခွဲကလည်း ဂျက်တိုက်လေယာဉ်နဲ့ ၅ ပတ် ပတ်ပြီး ဘိုကုန်းရွာမြောက်ဘက် အောင်သာယာကုန်းဝန်းကျင်ကို ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။

စစ်ကောင်စီဘက်က အပစ်အခတ်ရပ်စဲတယ်လို့ ကြောညာပြီးချိန်ကစပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်တန့်တာမျိုး မလုပ်ဆောင်ဘဲ ပုံမှန်အတိုင်း တိုက်ခိုက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024