
သတင်းက တော်တော်ကြီး၏။ အခြားမဟုတ်။ KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ နေအိမ်အနီး ကာမီကာဇေ လုပ်ကြံသတ်ဖြတ်ရေး ဒရုန်းသုံးစီး ကျရောက် ပေါက်ကွဲခဲ့သည့် သတင်းပင်။ ထိုဒရုန်းများမှာ လှိုင်းဘွဲ့မြို့နယ်ဘက်ရှိ စကစ တပ်များထံမှ လာသည်ဟု KNU ထိပ်ပိုင်းခေါင်းဆောင်များက သုံးသပ်ထားကြောင်း ကနဦးသတင်းတချို့တွင် ဖော်ပြထားသည်။
ဒရုန်းများ ပေါက်ကွဲမှုကြောင့် လူအထိအခိုက်မရှိဟု ဆိုသော်လည်း စကစအနေဖြင့် တော်လှန်ရေးခေါင်းဆောင်တဦးကို အတိအလင်း လုပ်ကြံသတ်ဖြတ်လိုသော တိုက်ခိုက်မှု ပြုလိုက်သည်မှာ ထင်ရှား၏။ မြန်မာစစ်တပ်၏ လုပ်ကြံသတ်ဖြတ်ရေးလမ်းစဉ်မှာ ယခုမှ စသည်မဟုတ်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် လက်နက်ကိုင်တော်လှန်ရေး ကနဦးကာလကပင် မြန်မာစစ်တပ်သည် လုပ်ကြံသတ်ဖြတ်ရေး လမ်းစဉ်ကို စွဲကိုင်ထားသည်။ KNDO/KNU ၏ ပထမဆုံး တော်လှန်ရေးခေါင်းဆောင်ကြီး စောဘဦးကြီးသည် ခဏတာ ပြည်ပသို့ထွက်ခွာရန် နောက်လိုက်အနည်းငယ်ဖြင့် ဖာပွန်ခရိုင်မှ ခရီးထွက်လာစဉ် ကော့ကရိတ်မြို့နယ်၊ ထော့ကိုးဘိုးကျေးရွာအနီး ရောက်ရှိနေချိန် ၁၉၅၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်တွင် မြန်မာစစ်တပ်မှ ဗိုလ်ကြီးစိန်လွင် (နောင် နိုင်ငံယာယီသမ္မတ) ဦးစီးသည့် တပ်ဖွဲ့က ချောင်းမြောင်း လုပ်ကြံသတ်ဖြတ်ပစ်ခဲ့၏။
ဤမျှတင်လား။ မကသေးပါ။ နိုင်ငံ့အာဏာကို ဗိုလ်နေဝင်းက ၁၉၆၂ ခုနှစ်အတွင်း အတိအလင်း သိမ်းယူလိုက်ပြီးနောက် ၁၉၆၃ ခုနှစ်၌ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးကြမည်ဆိုပြီး ဖိတ်ခေါ်ခဲ့သော်လည်း ၎င်းတို့အလိုကျ မဖြစ်ခဲ့သည့်အတွက် ဗမာပြည်ကွန်မြူပါတီခေါင်းဆောင် သခင်စိုးနှင့်အဖွဲ့ကို ပဲခူးရိုးမအပြန်လမ်းမှာ ကိစ္စတုံး လုပ်ကြံသတ်ဖြတ်ရန် ဗိုလ်နေဝင်းတပ်က အားထုတ်ခဲ့သည်။ ထို့အတူ လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ချိန်တွင် ပန်းတနော်မြို့နယ်၊ တောကျောင်းရွာကို ရောက်ရှိနေသည့် KNU အရန်ဗဟိုကော်မတီဝင် မန်းဘစောကို ဖမ်းဆီးသတ်ဖြတ်ရန်လည်း ကြိုးပမ်းခဲ့သေးသည်။ သခင်စိုးနှင့် မန်းဘစောတို့ အရှောင်အတိမ်းမြန်၍ မကျဆုံးခဲ့ကြသော်လည်း မြန်မာစစ်တပ်၏ လုပ်ကြံသတ်ဖြတ်လိုစိတ်သည်ကား ရပ်တန့်မနေပေ။
၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် KNU တပ်မဟာ ၅ တပ်မမှူး ဗိုလ်မှူးချုပ်လင်းထင်ကို အယုံသွင်း ထောင်ဖမ်းကာ သထုံတပ်ထဲ၌ သတ်ဖြတ်ပစ်ပြန်၏။ မြန်မာစစ်တပ်က သဘောထားတင်းမာသူအဖြစ် ရှုမြင်ထားပုံရသည့် ဗိုလ်မှူးချုပ်လင်းထင်ကို အကွက်ဆင် ဖမ်းဆီး လုပ်ကြံသတ်ဖြတ်ပုံမှာ ရုပ်ရှင်ဇာတ်လမ်းတခုအသွင်ပင်။ စောဘဦးကြီးနှင့် ဗိုလ်လင်းထင်တို့အား စစ်တပ်က လုပ်ကြံသတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများကို မော်လမြိုင်မှတဆင့် ပင်လယ်တွင်း သယ်ဆောင် ရေမျှောပစ်ခဲ့သည်။ ကရင်များ၌ နယ်မြေပိုင်ခွင့်မရှိ၊ ကရင်ပိုင် နယ်မြေဟူ၍ မရှိ။ ထို့ကြောင့် ကရင်တို့ကို ကုန်းမြေပေါ်တွင်ပင် မြှုပ်နှံသင်္ဂြိုဟ်ခြင်း မပြုဘဲ ရေမျှောပစ်ရမည်ဟူသော ဗိုလ်နေဝင်း အမိန့်အရ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု ကရင်ဝါရင့်နိုင်ငံရေးသမားကြီးများက ဆိုကြသည်။
မြန်မာစစ်အုပ်စုက သဘောထားတင်းမာသူဟု သတ်မှတ်ခဲ့သည့် KNU ခေါင်းဆောင် ပဒိုမန်းရှာလာဖန်းသည်လည်း ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံရပြန်သည်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ပဒိုမန်းရှာ၏ နေအိမ်အတွင်းထိ ဝင်ရောက်လုပ်ကြံ ပစ်ခတ် သတ်ဖြတ်ခဲ့သူများကို မမိလိုက်သော်လည်း နောက်ကွယ်မှ လက်သည်မှာ မြန်မာစစ်တပ်သာ ဖြစ်နိုင်သည်ဟု ယူဆကြ၏။
ယခုလည်း လာပြန်ပြီ။ KNU စစ်ဦးစီးချုပ် စောဂျော်နီ၏ နေအိမ်ကို ကာမီကာဇေ ဒရုန်းများဖြင့် ဖောက်ခွဲလုပ်ကြံဖို့ ကြိုးပမ်းကြပြန်သည်။ အောက်ခြေလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ရင်ဆိုင်မတိုက်ဘဲ ခေါင်ကို ဖြိုပစ်ရန် မြန်မာစစ်တပ်၏ အားထုတ်မှုတခု ဖြစ်၏။
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအား ထိုကဲ့သို့ လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးနိုင်စွမ်းရှိသူမှာ ကာကွယ်ရေးစစ်ဦးချုပ်အဆင့်သာ ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးခင်ညွန့်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော မြန်မာစစ်တပ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးက သုံးသပ်ပြောဆိုသည်။
အမည်မဖော်လိုသည့် ထောက်လှမ်းရေးအရာရှိဟောင်းက“ဒီလို အရေးကြီးတဲ့ကိစ္စမျိုးကို ဒုချုပ်စိုးဝင်းအဆင့်နဲ့ ဆုံးဖြတ် အမိန့်ပေးလို့ မရပါဘူး။ တပ်ချုပ်ကြီးဆီက တိုက်ရိုက်လာတဲ့အမိန့်ကို အဆင့်ဆင့် ပေးပို့ပြီး အကောင်အထည်ဖော် တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ KNU တင် မကပါဘူး။ KIA၊ MNDAA၊ TNLA နဲ့ NUG တို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း အခွင့်အခါသင့်တာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ အမိန့်ပေးပြီးသား ဖြစ်ပုံရပါတယ်” ဟု ဆိုသည်။
နှစ်ပေါင်း ၈၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေး သမိုင်းအတွင်း ဗကပနှင့် KNU တော်လှန်ရေးခေါင်းဆောင်များကို မြန်မာစစ်တပ်က အကြိမ်ကြိမ် သပ်လျှို သွေးခွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သော်လည်း မြန်မာစစ်အာဏာရှင်များအား တိုင်းရင်းသား လက်နက်ကိုင်များက လုပ်ကြံသတ်ဖြတ်ရန် အားထုတ်မှုကို မမြင်မတွေ့ကြရသည်မှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။ ဗိုလ်ချုပ်ကြီးနေဝင်းမှသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟူ၍ အာဏာရှင် သုံးဆက်တိုင်တိုင် ရောက်ရှိလာသော်လည်း မြန်မာအာဏာရှင်များသည် ထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ခိုက်ခံရမှုများကို မကြုံမတွေ့ကြရပေ။ အာဏာရှင်အား လုပ်ကြံရန် အားထုတ်မှုအဖြစ် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်က ဗိုလ်ကြီးအုန်းကျော်မြင့် အမှုကိုသာ တွေ့ကြရ၏။ ထိုအမှုမှာလည်း လုပ်ကြံသည့် အဆင့်ပင် မရောက်၊ ကြံစည်အားထုတ်မှုအဆင့်နှင့်ပင် နိတ္ထိတံခဲ့ရသည်။
မြန်မာစစ်တပ်ကို အစဉ်တစိုက် လက်နက်စွဲကိုင် တိုက်ခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံမှ အာဏာရှင်အား လုပ်ကြံမှုဟု ပြော၍ရသည့် တိုက်ခိုက်ရေးဖြစ်စဉ် တခုမှ ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။ အောက်ခြေတပ်ဖွဲ့ဝင်များ၏ အသက်များကို ရင်း၍သာ တိုက်ပွဲများစွာ ဖြစ်ခဲ့ကြသည်။ နိုင်ငံ့ဘဏ္ဍာကို ထင်သလို သုံးစွဲရသည့်အပြင် လူအရင်းအမြစ် (တပ်သားသစ်) ရရန် အင်မတန်လွယ်ကူသည့် အာဏာရ မြန်မာစစ်တပ်ကို လူမျိုးစုကို အခြေပြု၍ ဖွဲ့စည်းရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ရေရှည်တွင် မယှဉ်နိုင်ကြသည်မှာ မဆန်းလှပေ။ သို့သော် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များကား စစ်ရေးတွေးခေါ်ဟန် ပြောင်းလဲခြင်း မရှိခဲ့ဟု ယူဆရသည်။ အောက်ခြေတပ်ဖွဲ့အချင်းချင်း တိုက်ရင်း ခိုက်ရင်းဖြင့် တိုင်းရင်းသား နယ်မြေများအတွင်း လူသေ၊ ရွာကြေဖြင့် လုံးချာလိုက်နေခဲ့ကြ၏။ မြန်မာစစ်အာဏာရှင်များကား အပြုံးလေးတမြမြ၊ လက်ကလေးတပြပြဖြင့် ‘အရှင်ထွက်’ ထွက်သွားကြသည်။ ဗိုလ်နေဝင်းက အသက် ၉၀ ခန့်ထိနေကာ လူကြီးရောဂါဖြင့်သာ သေရသလို ဗိုလ်သန်းရွှေသည်လည်း အသက် ၉၀ နားအထိ စာဖတ်ခွင့်ရနေဆဲ။
“တိုင်းရင်းသားတွေက စစ်တပ်ကို မုန်းတယ်၊ မုန်းတယ် အော်နေပေမဲ့ စစ်အာဏာရှင်တွေကို ဦးတည် လုပ်ကြံတိုက်ခိုက်မှုမျိုး တခါမှ မတွေ့ခဲ့ရဘူး။ ဘာ့ကြောင့်လဲဆိုတာ ကျနော်လည်း နားမလည်ဘူး။ သူတို့ ဘယ်လို တွေးခေါ်ခဲ့ကြလဲဆိုတာ သူတို့ပဲသိမယ်။ စစ်အာဏာရှင်တွေကတော့ ရှင်းတယ်၊ သူတို့ အာဏာတည်မြဲဖို့ဆိုရင် ဘာမဆို လုပ်မှာပဲ” ဟု စစ်ထောက်လှမ်းရေးဟောင်းက ဆိုသည်။
ဗိုလ်နေဝင်းနှင့် ဗိုလ်သန်းရွှေတို့ “အရှင်ထွက်” ထွက်နိုင်ခဲ့ခြင်းသည် တပ်ချုပ်ဖြစ်လျှင် အာဏာကို လိုသလို စွဲကိုင်၍ ထင်ရာစိုင်းခွင့်ရသည်ဟူသော အသိတရားကို စစ်အရာရှိကြီးများ၏ ဦးနှောက်အတွင်း သွပ်သွင်းပေးသကဲ့သို့ပင်။
စစ်ထောက်လှမ်းရေးဟောင်းက “DSA ကျောင်းဆင်းပြီ ဆိုကတည်းက တနေ့ ငါ တပ်ချုပ်ဖြစ်ရင် ဆိုတဲ့စိတ်က ကျောင်းဆင်းစ ဒုဗိုလ်တိုင်းမှာ ရှိတယ်။ ဦးနေဝင်း၊ ဦးသန်းရွှေ တို့အပြင် လက်ရှိတပ်ချုပ်ပါ အရှင်ထွက် ထွက်ပြသွားနိုင်ရင်တော့ ငါသာ တပ်ချုပ်ဖြစ်ရင် ထင်သလို လုပ်လို့ရပြီဆိုတဲ့ စိတ်က အရာရှိတိုင်းရဲ့ စိတ်ထဲမှာ ခုထက်ပိုပြီး စွဲမြဲသွားတော့မှာ သေချာတယ်။ အဲဒီစိတ်ကပဲ သေမြေကြီး ရှင်ရွှေထီးစိတ်နဲ့ တိုက်ရင်းခိုက်ရင်း အာဏာရှင်ကို အသက်ပေး ကာကွယ်သွားစေမှာပဲ” ဟု ပြောသည်။
အာဏာရှင်လက်သစ် မင်းအောင်လှိုင်ကို ပြင်ဦးလွင်ခရီးစဉ်အတွင်း ဒရုန်းဖြင့် တိုက်ခိုက်သည်ဆိုသော သတင်းတချို့ ပေါ်ထွက်လာခဲ့ဖူးသော်လည်း စစ်ထောက်လှမ်းရေးဟောင်းကမူ ထိုသတင်းကို အတည်မပြုပေ။
“ကျနော် ပြန်ကြားရသလောက်ကတော့ အဲဒီသတင်းက မမှန်ဘူး၊ အခုချိန်ထိ တပ်ချုပ်က လုပ်ကြံခံရဖို့ အားထုတ်မှုမျိုးကို မကြုံတွေ့ဖူးသေးပါဘူး။ ဆိုက်ဝါးထည့်တာတွေ ယတြာချေ သတင်းထုတ်တာတွေကတော့ သူတို့လုပ်နေကျ အလုပ်တွေပါပဲ။ သူကစပြီး သူတပါးကို လုပ်ကြံတယ်လို့ အပြောမခံရအောင် သူ အလုပ်ကြံခံရဖူးတယ်ဆိုပြီး အသံကို ကြိုထုတ်ထားတာမျိုးလည်း ဖြစ်နိုင်တယ်။ အရပ်စကားနဲ့ ပြောရရင် ဇာတ်ကားရိုက်ပြထားတယ် ပေါ့ဗျာ၊ နောက်မှ သူ့ကို လုပ်ကြံဖို့ ကြံစည်လို့ သူက ပြန်ပြီး လုပ်ကြံရတာပါဆိုတဲ့ သဘော ချိုးမှာပဲ" ဟု ထောက်လှမ်းရေးဟောင်းက သုံးသပ်ပြောဆိုသည်။
မြန်မာတော်လှန်ရေးအင်အားစုများ၏ “ဖက်ဆစ် စစ်တပ်၊ အမြစ်ဖြတ်” ဟူသော ကြွေးကြော်သံကိုလည်း ပြန်လည်ဆန်းစစ်သင့်သည်ဟု ထောက်လှမ်းရေးအရာရှိဟောင်းက ဆိုသည်။
“ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်၊ ဆိုလို့ ကောင်းတယ်ဗျာ၊ ဆစ်၊ မြစ်၊ တပ်၊ ဖြတ် ဆိုတော့ ကာရန်နဘေလေးနဲ့ ဆိုတော့လေ၊ တကယ်လုပ်ကြည့်ရင်တော့ လွယ်မှာမဟုတ်ဘူးဗျ။ ဘာ့ကြောင့်လဲဆိုတော့ အမြစ်ဖြတ်ရင် မြေကြီးပတ်တူးရမယ်။ အမြစ်ပေါင်းစုံကို လိုက်ခုတ်နေရမယ်။ အဲဒါနဲ့ပဲ အချိန်တွေ၊ ငွေတွေ၊ လူ့လုပ်အားတွေ တော်တော်ကုန်သွားမယ်။ နောက်မှ သိလာလိမ့်မယ်၊ မြန်မာစစ်တပ်ရဲ့ အမြစ်က ပြောင်းပြန်ကြီးပါလားလို့။ တကယ်ပြောတာ၊ စစ်အာဏာရှင်စနစ်ကို အပြတ်ရှင်းချင်ရင် ခေါင်ကိုဖြိုမှရမယ်။ ခေါင်မဖြိုနိုင်သရွေ့တော့ အမြစ်ပွားတွေ၊ အပင်ပွားတွေနဲ့ အချိန်ကုန်နေရမှာပဲ။ စစ်အာဏာရှင်ကတော့ ရှင်းတယ်၊ အောက်ခြေအချင်းချင်း ချ၊ ကြိုက်သလောက် ချကြ၊ သူဂရုမစိုက်ဘူး။ အာဏာရှင် လုပ်ကြံနိုင်ရင်တော့ သေချာပြီ၊ ဒီအပင် ပြန်မရှင်နိုင်ဘူး။ အခု တပ်ချုပ် လုပ်ကြံရပြီထား၊ ဒုချုပ်က အာဏာဆက်ကိုင်ဝံ့မယ်ထင်သလား၊ ဝေးသေးဗျာ။ တော်လှန်ရေးအင်အားစုတွေဆီကို ဆွေးနွေးညှိနှိုင်းပြီး အာဏာပြန်လွှဲပေးလာလိမ့်မယ်။ အာဏာရှိလည်း အသက်မရှိရင် ဘာမှ လုပ်စားလို့မရတော့ဘူးဆိုတဲ့ အသိကို စစ်တပ်အောက်ခြေ အရာရှိငယ်တွေဆီထိ ရိုက်သွင်းပေးလိုက်နိုင်မှ အာဏာရှင်စနစ်က တကျော့ပြန်မလည်တော့မှာ။ “ခေါင်ဖြိုရင် အကုန်ပြိုတယ်” ဗျာ၊ ဒါပါပဲ” ဟု ၎င်းက ပြောသည်။
တော်လှန်ရေးအင်အားစုများ ချိန်ဆစဉ်းစားနိုင်ကြဖို့ပါ ခင်ဗျား။
စောအဲမွန်
စာကိုး- ကရင်တော်လှန်ရေးသမိုင်းစာပေများ၊ KIC သတင်းဌာနက ဖော်ပြခဲ့သော “ဗိုလ်လင်းထင်၏ ကိုယ်ရေးအရာရှိ(စောဂျူး) နှင့် အင်တာဗျူး”