
ရဒ် ပွန်ချို့စ်လို့ သိကြတဲ့ ဘိုလီးဗီးယား ဌာနေတိုင်းရင်းသားအုပ်စုက မြို့တော် လာပက်ဇ်ဆီ မတ် ၁၉ ရက်က ချီတက်ဆန္ဒပြခဲ့ပါတယ်။
အင်ဒီးစ်တောင်တန်းနိုင်ငံရဲ့ အဓိကစီးပွားရေးကဏ္ဍတခုဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍမှာ လောင်စာဆီ ပြတ်လပ်မှုကို သယ်ယူပို့ဆောင်ရေး ယာဉ်မောင်းတွေက စပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင် ဆန္ဒပြခဲ့ကြတာပါ။
လာပက်ဇ်မြို့နားက အယ်လ်အော်တိုမြို့မှာ ဌာနေ အိုင်မာရာ အဖွဲ့ဖြစ်တဲ့ ရဒ်ပွန်ချို့စ် တိုင်းရင်းသားတွေဟာ သူတို့ရဲ့ ထူးခြားတဲ့ အနီရောင်အင်္ကျီနဲ့ ရိုးရာ ချို့လို ဦးထုပ်တွေကို ဝတ်ပြီး မြို့တော်ဆီ ရောက်လာခဲ့ပါတယ်။
မြူရေလို ရင်ပြင်က အစိုးရအဆောက်အအုံတွေဆီ ဝင်ဖို့ အဝင်လမ်းကို စောင့်ကြပ်နေတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေရဲ့ စည်းကြပ်မှုကြောင့် သူတို့ရဲ့ချီတက်မှု ရပ်တန့်ခဲ့ပါတယ်။
ဒီအတောအတွင်း အယ်လ်အော်တိုမြို့မှာ အများသူငါ သယ်ယူပို့ဆောင်ရေး ယာဉ်မောင်းတွေဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တဲ့ လောင်စာဆီတွေကို တောင်းဆိုဖို့ လမ်းတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။
သမ္မတ လူဝီစ် အာ့ခ်က ဓာတ်ဆီလီတာ ၄၇ သန်း ချီလီနိုင်ငံ အာရီကာဆိပ်ကမ်းကို ရောက်လာပြီး တတ်နိုင်သမျှ အမြန်ဆုံး လောင်စာဆီဆိုင်တွေဆီ ဖြန့်နေပြီလို့ မတ် ၁၅ ရက်က ကြေညာခဲ့ပါတယ်။
စီကာစီကာဆိပ်ကမ်းမှာ ဒီဇယ်လီတာ ၃၈ သန်းရှိနေပြီး တရက်ကို တိုင်ကီ ၁၂၀ နှုန်းနဲ့ ဘိုလီးဗီးယားဈေးကွက်ဆီ တင်ပို့နေပြီလို့လည်း ဆိုရှယ်မီဒီယာပလက်ဖောင်း X မှာ တင်ခဲ့ပါတယ်။
ပိုဆိုးရွားလာတဲ့ လောင်စာဆီပြတ်လပ်မှုဟာ လယ်သမားတွေရဲ့ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းနိုင်မှု စွမ်းရည်ကို ထိခိုက်စေပါတယ်။
ဒါကြောင့် စိုက်ပျိုးရေးက အရေးပါတဲ့ စီးပွားရေးတွန်းအားတခုဖြစ်တဲ့ တောင်အမေရိကနိုင်ငံမှာ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နိုင်ငံခြားအရန်ငွေပမာဏ ကျဆင်းလာပြီး ပြည်တွင်းဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းခြင်းကလည်း အကျပ်အတည်းအဆင့်ထိ ရောက်သွားလို့ ရေနံထုတ်လုပ်ရောင်းချတဲ့ အိုပက်အဖွဲ့ဝင်နိုင်ငံ ဘိုလီးဗီးယားက ဓာတ်ငွေ့ဆိုင်တွေမှာ ကားတွေ ယာဉ်တန်းရှည်ကြီး တန်းစီ စောင့်ဆိုင်းနေရပါတယ်။
Source : Reuters