
မြောက်ကိုရီးယားဟာ ယီမင်အပေါ် မကြာသေးခင်က အမေရိကန်ရဲ့ တိုက်ခိုက်မှုကို နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပြီး ဒီလိုလုပ်ရပ်မျိုးဟာ ဘယ်နည်းနဲ့မှ တရားမျှတမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက မတ် ၁၈ ရက်မှာ ယီမင်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ရဲ့ ပြောကြားချက်ကို ကိုးကား ဖော်ပြခဲ့ပါတယ်။
အီဂျစ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် မာဒုံဟွီးက ဝါရှင်တန်ဟာ လေယာဉ်တင်သင်္ဘော အပါအဝင် လေကြောင်းနဲ့ ရေတပ် တပ်ဖွဲ့ဝင်တွေကို စုစည်းထားပြီး အရပ်သားတွေနဲ့ ပိုင်ဆိုင်မှုတွေကို ခွဲခြားထားခြင်းမရှိဘဲ သိမ်းကျုံးပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုကြောင်း KCNA အစိုးရ သတင်းဌာနက ပြောကြားခဲ့ပါတယ်။
သံအမတ် မာဒုံဟွီးက“အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ခိုက်မှုဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်ပြီး ဘယ်လိုနည်းနဲ့မှ တရားမျှတမှု မရှိနိုင်တဲ့ တခြားနိုင်ငံတခုရဲ့ ပိုင်နက် အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အီရန်ရဲ့ မဟာမိတ် ဟူသီအဖွဲ့က ပင်လယ်နီက သင်္ဘောတွေကို တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကြီးမားတဲ့ တိုက်ခိုက်မှုကို စတင်ခဲ့ခြင်းဖြစ်ပြီး ဟူသီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၅၃ ယောက် သေဆုံးခဲ့ကြောင်း ပြောပါတယ်။
Source : Reuters