
အစ္စရေးကို ထောက်ခံခြင်းအားဖြင့် အမေရိကန်ရဲ့ ရန်စမှု တိုးလာတာကို တုံ့ပြန်တဲ့အနေနဲ့ ယီမင်ရဲ့ ဟူသီအဖွဲ့ဟာ ပင်လယ်ပြင်မှာ လေယာဉ်တင်သင်္ဘောတွေ၊ တိုက်ခိုက်ရေးသင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ဟူသီခေါင်းဆောင် အဗ္ဗဒူလ် မာလိခ် အယ်လ် ဟူသီက မတ် ၁၇ ရက် ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။
ဒေသတွင်းမှာ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေ ဆက်ရှိနေပြီး ရန်လိုမှုတွေ ဆက်ရှိနေရင် စိတ်အနှောင့်အယှက် ဖြစ်စေပြီး ပိုနာကျင်စေမယ့် အရေးယူမှုတွေကို ပြင်းပြင်းထန်ထန်လုပ်ဖို့ ပြင်ဆင်ထားတယ်လို့ အယ်လ်-ဟူသီက ပြောပါတယ်။
မနေ့တုန်းက ပင်လယ်နီရဲ့ မြောက်ဘက်စွန်းကို ကီလိုမီတာ ၁,၃၀၀ အကွာအဝေးထိ ဆုတ်ခွာ တိမ်းရှောင်ခဲ့တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောနဲ့ တိုက်ခိုက်မှုကို ဟူသီအဖွဲ့တွေက ထိတွေ့ ဆောင်ရွက်ခဲ့တယ်လို့လည်း ဟူသီခေါင်းဆောင် အယ်လ်-ဟူသီက ပြောပါတယ်။
ဒါ့အပြင် အစ္စရေးရန်သူနဲ့ ပတ်သက်လို့ ဂါဇာကမ်းမြောင်ဆီ အကူအညီတွေ ဝင်လာတာကို တားဆီးဖို့ အခိုင်အမာ တောင်းဆိုတာဟာ ကြီးမားတဲ့ ရန်လိုမှု၊ လျစ်လျူမရှုနိုင်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုကြီးပါပဲလို့လည်း ဟူသီခေါင်းဆောင်က ပြောပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်လို့ အစ္စရေးသင်္ဘောတွေကို သွားလာခွင့် ပိတ်ပင်တဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ဟာ ပထမအဆင့် ဖြစ်ပေမဲ့ ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်းပြည်သူတွေ အငတ်ဘေး ပြင်းထန်လာချိန်မှာတော့ ဒီအဆင့်မှာပဲ ရပ်တည်နေမှာ မဟုတ်ဘဲ အခြေအနေတွေရဲ့ လိုအပ်ချက်အရ တာဝန်ပိုကြီးတဲ့ လုပ်ဆောင်ချက်ကို လုပ်ဖို့ အဆင်သင့်ပဲ” လို့လည်း ဆိုပါတယ်။
ဟူသီစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးကလည်း ဟူသီအဖွဲ့ဟာ ပင်လယ်နီမှာ အမေရိကန် လေယာဉ်တင်သင်္ဘော USS Harry S. Truman ကို လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း တတိယအကြိမ်မြောက် ပစ်မှတ်ထားပြီး ခရုဇ်ဒုံးကျည် ၂ စင်း၊ ဒရုန်း ၂ စင်းနဲ့ အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြောင်း မတ် ၁၈ ရက်က ရုပ်မြင်သံကြားမှာ ပြောပါတယ်။
ဒါ့အပြင် အမေရိကန် ဖျက်သင်္ဘောတစင်းကိုလည်း ခရုဇ်ဒုံးကျည်တစင်း၊ ဒရုန်း ၄ စင်းနဲ့ ပစ်မှတ်ထားထားကြောင်းနဲ့ ဟူသီတွေဟာ ယီမင်နိုင်ငံကို ရန်စမှုတွေ ရပ်တန့်မသွားမချင်း ပင်လယ်နီနဲ့ အာရေဗျပင်လယ်ရှိ ရန်လိုတဲ့ပစ်မှတ်တွေ အားလုံးကို ဆက်လက် တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။
ဟူသီအဖွဲ့ဟာ အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲမှာ ပါလက်စတိုင်းကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးဘက်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ယီမင်အနီးရှိ နိုင်ငံတကာ ရေပိုင်နက်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အနှောင့်အယှက်ပေးခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ ဟူသီတွေကို ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ခြိမ်းခြောက်မှု အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အမေရိကန်ကလည်း ဗြိတိန်နဲ့ အစ္စရေးတို့လိုပဲ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
ယီမင်မှာ ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီအဖွဲ့တွေရဲ့ တိုက်ခိုက်မှုမှန်သမျှကို အီရန်ကို တာဝန်ယူခိုင်းမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၁၇ ရက် မှာ ပြောပြီးတဲ့နောက် အမေရိကန် စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ယီမင်မှာရှိတဲ့ ဟူသီသူပုန်တွေကို စစ်ဆင်ရေးတွေ ဆက်လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။
ဟူသီသူပုန်တွေကို အမေရိကန်က မတ်လ ၁၅ ရက်မှာ စတင် တိုက်ခိုက်ခဲ့တာမှာ အနည်းဆုံး လူ ၅၃ ယောက် သေဆုံးခဲ့တယ်လို့ ဟူသီတွေက ပြောပေမဲ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဟူသီသူပုန်တွေက ဂါဇာမှာ အစ္စရေးနဲ့ စစ်ပွဲအတွက် ပါလက်စတိုင်းတွေနဲ့ စည်းစည်းလုံးလုံး ဆောင်ရွက်နေတယ်လို့ ပြောရင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာက စပြီး အကြိမ် ၁၀၀ ကျော် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
Source : Reuters