
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း တခုလုံးနီးပါး စစ်ဘေးသင့်နေပြီး သေဆုံးသူနဲ့ ဒဏ်ရာရပြည်သူစုစုပေါင်း ၁၀၀ နီးပါးရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကလေးမြို့နယ်ဆိုင်ရာ လူသားစာနာ တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်ဘက်ကပစ်ခတ်တဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ခန့်မှန်းခြေအရဆိုရင် ဇန်နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၁၉ ရက်အထိ သေဆုံးပြည်သူ အယောက် ၂၀ ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူကတော့ ၇၀ ဝန်းကျင်အထိရှိနေတယ်လို့လည်း ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာ ၁၅ ရွာလောက်က ပြည်သူ ၁၀၀၀ ဝန်းကျင် တောတောင်တွေထဲ ထွက်ပြေးနေရပြီး တချို့က ဗုံးခိုကျင်းတွေထဲမှာခိုလှုံနေကြရပါတယ်။
NUG ကလေးမြို့နယ် လူသားစာနာတာဝန်ခံ ဦးအောင်ဇော်ထွန်းက “တချို့မပြေးနိုင်တဲ့သူ ဗုံး ခိုကျင်းထဲ အိပ်နေရတဲ့ ပြည်သူတွေလည်းရှိကြတာပေါ့။ ချက်ဖို့ပြုတ်ဖို့တောင်မလွယ်ဘူး။ စားသောက်ဖို့ ချက်ပြုတ်စားသောက်ဖို့ ရွာထဲမှာ မီးခိုးမြင်ရင်ကို ဗုံးလာကြဲနေတော့တာ။ တကယ်တန်းပြေးရင် ၁၀,၀၀၀ ဘယ်ကမလဲ။ တကယ်တန်းပြေးရင် လူဦးရေက သုံး၊ လေးသောင်းလောက် ထိန်းမနိုင်၊ သိမ်းမနိုင်ဖြစ်ကုန်မှာလေ”လို့ ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့တပတ်အတွင်း ကလေး-ဂန့်ဂေါလမ်းပေါ်က ကမ္ဘာနီ၊ အောင်သာယာ (ရွာသစ်၊ ရွာဟောင်း)နဲ့ မှန်တောရွာတွေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ CDF-KKG ရဲ့ ပြန့်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က “ ကမ္ဘာနီကိုသိမ်းပြီးနောက်ပိုင်းအခြေအနေက မှန်တောပေါ့နော်၊ အဲဒီရွာဘက်ကိုတော့ရထားတယ်ပေါ့။ ရှေ့မှာတော့ နှစ်ဘက် ဟိုဘက်၊ ဒီဘက် တပ်ဆိုင်နေတယ်ဆိုတဲ့ အနေအထားမျိုးမှာရှိတယ်။ လေယာဉ်ကတော့ ပုံမှန်လာကြဲတယ်ဆိုတဲ့ အနေအထားရှိတာပေါ့။ ဒီဘက်၊ အဲဘက် ပျူရွာတွေ မပြီးမချင်းကတော့ ဒီဘက်ဒေသကတော့ ခက်ခဲမှုတော့ ရင်ဆိုင်နေရမှာပေါ့”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့နေရာတွေကိုပါ ဗုံးကြဲနေပြီး ဖေဖော်ဝါရီ ၁၉ ရက်မနက်ပိုင်းမှာလည်း ဒိုးနွယ်ရွာကိုဗုံးကြဲလို့ ပြည်သူ ၂ ယောက် သေဆုံးကာ ၅ ယောက်လောက် ဒဏ်ရာရသွားပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းဒေသ တခုလုံးနီးပါး စစ်ဘေးသင့်နေရပြီး စစ်ရှောင်တွေအတွက် သောက်သုံးရေနဲ့ ဆေးဝါးတွေအရေးတကြီးလိုအပ်နေကာ တချို့နေရာတွေမှာတော့ စားနပ်ရိက္ခာနဲ့ ရေအိမ်အခက်အခဲတွေပါကြုံတွေ့နေရ ဒေသခံတွေထံက သိရပါတယ်။
စိုးသူအောင်