
အမေရိကန်ရဲ့ အနိုင်ကျင့်မှုအောက်မှာ အီရန်အစိုးရအနေနဲ့ နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေးနီက ပြောကြားလိုက်ပါတယ်။
နျူကလီးယားသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းဖို့ အီရန်နိုင်ငံရဲ့ ထိပ်တန်းအာဏာပိုင်တွေဆီ စာပေးပို့ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောအပြီး နောက်တနေ့မှာ အီရန်ခေါင်းဆောင် ခါမေနီက ဒါဟာ အမေရိကန်ရဲ့ အနိုင်ကျင့်တဲ့ နည်းပရိယာယ်တွေလို့ မတ် ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်အစိုးရရဲ့ စေ့စပ်ညှိနှိုင်းရေး ကမ်းလှမ်းချက်ရဲ့ ရည်ရွယ်ချက်ကိုက ပြဿနာဖြေရှင်းဖို့ထက် လွှမ်းမိုးချုပ်ကိုင်ဖို့ ဖြစ်တယ်လို့ အီရန်မြို့တော် တီဟီရန်မှာ မိန့်ခွန်းပြောနေချိန်မှာ ခါမေနီက ပြောပါတယ်။
အီရန်အစိုးရနဲ့ သဘောတူညီချက်အတွက် ပွင့်လင်းမြင်သာမှုရှိတယ်လို့ ဖော်ပြခဲ့ပေမဲ့ ထရမ့်ပ်က သူ့ရဲ့ ပထမ သက်တမ်းအတွင်း အီရန်ကို ကမ္ဘာ့စီးပွားရေးကနေ ခွဲထုတ်ပြီး အီရန်ရဲ့ ရေနံတင်ပို့မှုကို သုညဖြစ်အောင်လုပ်ဖို့ မူဝါဒကို ပြန်အသက်သွင်းခဲ့ပါတယ်။
ထရမ့်ပ်က သမ္မတအဖြစ် ပထမသက်တမ်းဖြစ်တဲ့ ၂၀၁၇ ကနေ ၂၀၂၁ ခု ကြား သက်တမ်းအတွင်း ပိတ်ဆို့အရေးယူမှုတွေ သက်သာရာရစေဖို့ အပြန်အလှန်အနေနဲ့ အီရန်အစိုးရရဲ့ နျူကလီးယား အစီအစဉ်တွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတဲ့ အီရန်နဲ့ အင်အားကြီးနိုင်ငံတွေကြား သဘောတူညီချက်ကနေ အမေရိကန်ကို နုတ်ထွက်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်တွင် ထရမ့်ပ်က အမေရိကန်ကို နုတ်ထွက်ပြီး ပြန်ဒဏ်ခတ်ခဲ့ပြီးတဲ့နောက် အီရန်က ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး အများကြီး ကျော်လွန် ဆောင်ရွက်ခဲ့ပါတယ်။
အီရန်အစိုးရက ယူရေနီယံသန့်စင်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေလို့ အီရန်ရဲ့ လုပ်ရပ်တွေအပေါ် သံတမန်ရေးအရ ကန့်သတ်ချက်အသစ်တွေ ချမှတ်ဖို့ အချိန်ကျနေပြီလို့ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရာဖှယ် ဂရောက်ဇီက ပြောပါတယ်။
အီရန်အစိုးရကတော့ သူ့ရဲ့ နျူကလီးယားလုပ်ငန်းဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက်သာ ဖြစ်တယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။
Source: Reuters