
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းက စစ်ကောင်စီက မတ်လ ၅ ရက်နေ့ ညပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ရဟန်း ၂ ပါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်လက်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ ပျံလွန်တော်မူခဲ့ သံဃာတော် ၂ ပါး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ကျောင်ဆောင်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “တိုင်းရင်းသား လက်နက်ကိုင်တွေ၊ PDF တွေက ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတွေမှာ လိုက်နေတာမှ မဟုတ်တာ။ နေတာက စစ်ဘေးရှောင်တွေပဲ နေတာ။ စစ်ဘေးရှောင်တွေကို ပစ်မှတ်ထားပြီ လုပ်သလို ဖြစ်နေတယ်။ ဒေသခံတွေ ကောင်းရောင်းကောင်းဝယ်လုပ်စားဖို့ အချိန်မရှိဘူး။ လေယာဉ်တွေလာရင် လိုက်ပြေးနေရတယ်။ တချို့ရွာတွေဆို လူတောင်မှ မနေရဲကြတော့ဘူး” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော် ၂ ပါးဟာ ဒဏ်ရာ ပြင်းထန်တာကြောင့် ဘားအံပြည်သူဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေပြီး ကျောင်းထိုင် ဆရာတော် ဈာပနကို မတ် ၆ ရက်နေ့က ပြုလုပ်ပြီးပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစပြီး စစ်ကောင်စီရဲ့ ကမမောင်းဗျူဟာမကျရေး ကမမောင်းမြို့အနီးအနားကကျေးရွာတွေကို စစ်ကောင်စီရဲ့ ဘားအံအမြောက်တပ်၊ ကမမောင်းဗျူဟာကနေ မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဒါအပြင် လေကြောင်းကပါ ပစ်ကူးပေးပစ်ခတ်နေတာကြောင့် ကမမောင်းဒေသခံတွေနဲ့အတူ စစ်ရှောင်ပြည်သူတွေအပါအဝင် ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော် စတဲ့ အနီးအနားကျေးရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ မြိုင်ကြီးငူ၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အောင်ခန့်