တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်အောက်ရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၃၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မတ် ၇ ရက် နေ့လယ် ၁ နာရီကျော်လောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၇ ရက်နေ့ နေ့လယ်ပိုင်းကတည်းက ကျေးရွာတွင်းမှာ မီးလောင်မှုတွေဖြစ်ပွားခဲ့တယ်။ ရွာအနီးမှာ တိုက်ပွဲဖြစ်နေတာကြောင့် ရွာသားတွေကစစ်ရှောင်နေကြတော့ အထိအခိုက်မရှိဘူး။ လက်ရှိ ကျနော်တို့ ကနဦးသိထားချက်အရတော့ အိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်မှုမှာ ပါသွားတယ်လို့ သိထားရတယ်။ အဓိကတော့ စစ်ကောင်စီက AA တပ်ဖွဲ့ဝင်တွေ ရှိတယ်အထင်နဲ့ ကျေးရွာအတွင်းကို ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။
ကြတ္တိန်ကျေးရွာနားမှာ စစ်ကောင်စီနဲ့ AA တို့အကြား ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စဘေက်က အထိအခိုက်များလို့ တပ်ဆုပ်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မတ် ၆ ရက်နေ့ကလည်း ဓညဝတီရေတပ်ဌာနချုပ်နားက ဦးကင်းကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့လို့ နေအိမ် ၁၄၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ရေတပ်နားမှာ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်သလို အနားက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မတ် ၆ ရက်နေ့လယ်ပိုင်းမှာပဲ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၃၅ လုံးလောက် မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ကျောက်ဖြူမြို့နယ်မှာ လက်ရှိတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂၀,၀၀၀ ကျော်ရှိလာနေပြီလို့ ကူညီလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။