
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ကျွဲတည်းရွာနဲ့ ညောင်ကိုင်းကြား၊ ညောင်ကိုင်းရွာနဲ့ စည်းသာရွာကြားကို မတ် ၇ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသားတယောက်က “ရွာတွေပေါ် တည့်တည့်ကြဲတာတော့ မဟုတ်ဘူးဗျ။ ရွာအနီအနားတွေကို ပတ်ကြဲသွားတာ။ လက်နက်ငယ်နဲ့လည်း ပစ်သွားတယ်။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှမရှိသလို ဘာစစ်ကြောင်းမှလည်း မရှိဘူး။ အကြောင်းမဲ့ကို လာပစ်သွားတာ။ တချို့ ကြောက်တဲ့ မိသားစု အတော်များများကတော့ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေကြတာတွေလည်း လုပ်နေကြတယ်။ မလုပ်လို့လည်း မရဘူး။ ဒီကောင်တွေက လူစိတ်ရှိတဲ့ကောင်တွေ မဟုတ်ကြဘူးရယ်” လို့ ပြောပါတယ်။
အခုလို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်တာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။
စစ်တပ်က ကျွန်းလှမြို့နယ်အတွင်းကို တံတားဦးဘက်ကနေ Y12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကျွန်းလှမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
*သတင်းကမှန်တယ်ဗျ။ ဒီနေ့ မနက် ၇ နာရီကစပြီး ၇ နာရီ ၃၇ မိနစ်အထိ တံတားဦးဘက်ကနေ Y12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မူ့ ၈ ကြိမ် ပြုလုပ်သွားတယ်ဗျ။ ဗုံးသီးအရေအတွက်ဆိုရင်တော့ ၂၆ လုံးအထိ ကြဲချသွားတယ်။ ကြဲချတဲ့နေရာတွေက ကျွဲတည်း-ညောင်ကိုင်းကြား စစ်ဘေးရှောင်တဲအနီး တနေရာ၊ ညောင်ကိုင်း-စည်းသာအနီးက ရွာဘင်းချောင်းအတွင်းတနေရာ နဲ့ စည်းသာ-ပုတီးကြား လမ်းပိုင်းတနေရာ စုစုပေါင်း ၃ နေရာကို ကြဲချသွားတာ။ လူထိခိုက်မှုမရှိဘူး၊ လူနေအိမ်ပျက်စီးတာလည်း မရှိလို့ ကံကောင်းတယ်” လို့ ပြောပါတယ်။
ကျွန်လှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ဟာ စစ်တပ်အပြင် စစ်တပ်ထောက်ခံသူ ပျူစောထီးတွေ အားကောင်းတာကြောင့် ဒေသခံတွေ ကြောက်နေကြရပြီး စစ်တပ်နဲ့ပျူစောထီးပူး ပေါင်းတပ်တွေနဲ့ တော်လှန်ရေးအင်းအားစုတွေလည်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် တောင်ယာလုပ်ငန်းကို ကောင်းစွာမလုပ်ကိုင်ကြရဘဲ စာဝတ်နေရေး ခက်ခဲနေကြရတယ်လို့ သိရပါတယ်။