
ရေကြည်မြို့နယ်၊ အသုတ်မြို့က ယောကျ်ားလေးတယောက်ကို စစ်မှုထမ်းဖို့အတွက် ကျေးရွာတရွာက ငွေသိန်း ၁၅၀ နဲ့ ဝယ်ယူခဲ့ပြီး စစ်ကောင်စီတပ်တပ်ရိက္ခာသယ်မယ့် ကားငှားဖို့ဆိုပြီး ဒေသခံတွေဆီက ငွေကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသုတ်မြို့၊ အမှတ် ၃ ရပ်ကွက်နေထိုင်တဲ့ ယောကျ်ားလေးတယောက်ကို ချောင်းဖျားလယ်တီ အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် သိန်း ၁၅၀ နဲ့ အတင်းဝယ်ယူ အစားထိုးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်မှုထမ်းအစားထိုးခံရတယ်။ သူ့မိဘတွေက ငွေကျပ်သိန်း ၉၀ ပဲ ရတယ် ကြားတယ်။ ကျန်တာ ပွဲစားတွေရယ်၊ အုပ်ချုပ်ရေးအဖွဲ့ ခွဲယူသွားတယ် ကြားတယ်။ အခု မနက်ဘက်ခေါ်သွားပြီး ဘယ်ကို ခေါ်ပို့တာ မသိပါဘူး” လို့ ပြောပါတယ်။
အသုတ်မြို့မှာ အခုလို စစ်မှုထမ်းအစားထိုးတာ ၅ ယောက်လောက်ရှိခဲ့ပြီး အရင်လူတွေတုန်းကတော့ ဘယ်လောက်ရကြတယ်ဆိုတာ မသိရပါဘူး။
အသုတ် ဒေသခံတယောက်က “အခု လူငယ်တွေ တရားမဝင်ဈေးကွက်လို ဖြစ်နေတယ်။ ပြည်သူဆီ ငွေမတရားတောင်းပြီး အောက်ခြေမှာ လုပ်စားနေကြတာပဲ။ အောက်ခြေမှာ လူအရောင်းအဝယ် ဈေးကွက်ဖြစ်နေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းက မြို့နယ်၊ ကျေးရွာတွေမှာ စစ်မှုထမ်းထောက်ပံ့ပေးဖို့ခေါင်းစဉ်နဲ့ တအိမ်ကို ငွေကျပ် ၅ သောင်းကနေ ၁ သိန်းအထိ ကောက်ခံနေတယ်လို့လည်း သိရပါတယ်။
ရေကြည်မြို့နယ်မှာ စစ်ကောင်စီတပ်ရိက္ခာသယ်မယ့် ကားငှားဖို့အတွက်ဆိုပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ဇွန် ၆ ရက်က စလို့ ဒေသခံ ကားသမားတွေ၊ လုပ်ငန်းရှင်တွေ၊ သာမာန်လက်လုပ်လက်စားတွေဆီကနေ နှုန်းအမျိုးမျိုးနဲ့ ငွေကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တပ်အတွက်ကားတွေ လုံလောက်မှုမရှိလို့၊ လိုအပ်လို့ ကောက်တာဆိုပြီး ငွေကောက်နေတာ။ ကောက်တဲ့ငွေ ထည့်ရတာချင်း မတူဘူးလို့ပြောကြတယ်။ ထည့်တဲ့သူများတယ်။ မထည့်ဘဲ မနေရဲကြဘူး”
စစ်ကောကား ၁ စီးရှိတဲ့အိမ် ၅ သောင်း၊ ကား ၂ စီးရှိတဲ့အိမ် ၁ သိန်း၊ စီးပွားလုပ်ငန်းရှင်တယောက်ဆီကနေ ၁ သိန်းအထိ ကောက်ယူနေတာဖြစ်ပြီး သာမာန်လက်လုပ် လက်စားတွေကိုတော့ အနည်းဆုံး ၁ သောင်းကျပ် ကောက်ယူနေတာလို့ သိရပါတယ်။
ရေကြည်မြို့နယ် စစ်ကောင်စီနဲ့ နီးစပ်သူတယောက် “ရိက္ခာပို့ယာဉ်ငှားရမ်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေကောက်နေတာဟုတ်တယ်။ သာမာန်အရပ်သားတွေကို အုပ်ကြီးတွေကို ကောက်ခိုင်းတာ။ လုပ်ငန်းရှင်တွေ၊ ကားသမားတွေကိုတော့လှမ်းခေါ်ပြီး တပ်တို့၊ စားသောက်ဆိုင်တို့ လိုနေရာတွေမှာ ပြောဆိုကောက်ယူနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လက်ရှိ ရေကြည်မြို့နယ် အမြောက်တပ်ကနေ ရှေ့တန်းကို ရိက္ခာပို့ဆောင်ဖို့ ပြင်ဆင်နေတာအပြင် တပ်အင်အားဖြည့်တင်းဖို့ပါလုပ်နေတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။