
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ ပေါက်မြို့နယ်မှာ စစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေလို့ သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရသလို စစ်ကြောင်းဟာ စစ်ရှောင်စခန်းကို ဝင်စီးနင်းပြီး သံဃာနဲ့ပြည်သူတချို့ကို ဖမ်းဆီးသွားပါတယ်။
ဇွန် ၁ ရက်နေ့ကတည်းက ပခုက္ကူတပ်မ ၁၀၁ ကနေထွက်လာတဲ့ စစ်ကြောင်းမှာ ကားအစီး ၁၀၀ ကျော်နဲ့ စစ်သားနဲ့ ပျူစောထီး အင်အား ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်ပါတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ မြေပြင်တာဝန်ခံ ကိုဘဦးက ပြောပါတယ်။
“ကားတွေပေါ်မှာ ရိက္ခာပစ္စည်းတွေ တင်လာတယ်။ ပခုက္ကူနဲ့ ပေါက်အစပ်က ပျူရွာတွေကို ရိက္ခာပို့မယ်လို့ယူဆရတယ်။ ပေါက် ပကစ ၂၄ ဆီသွားမယ်လို့လည်း ယူဆရတယ်။ အဲဒီ စစ်ကြောင်းက သူတို့သွားတဲ့လမ်းတလျှောက်က ရွာတွေကို စစ်ကြောင်းထိုးသွားတာ။ အဲဒါကြောင့်မို့လို့ စစ်ကြောင်းအထိုးခံရတဲ့ ရွာတွေမှာနေတဲ့ ပြည်သူ ၂ သောင်းလောက်အထိ ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။
စစ်ကြောင်းကြောင့် ပခုက္ကူမြို့နယ်နဲ့ ပေါက်မြို့နယ်ကြားက ကမ္မမြို့အပြင် ရေမျက်၊ ညောင်ပင်လှ၊ ညောင်ဂျစ်ပင်၊ ပြည့်အိုင်၊ ရွှေလှံကျေးရွာ၊ အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
ဇွန် ၅ ရက်နေ့မှာ စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကမ္မမြို့အရှေ့ဘက် ရေမျက်ကျေးရွာက စစ်ဘေးရှောင်တွေ ယာယီနေထိုင်နေကြတဲ့ ဘုန်းကြီးကျောင်းကို စီးနင်းဝင်ရောက်ပြီး သံဃာတော်တွေနဲ့ ပြည်သူတချို့ကိုဖမ်းဆီးသွားသလို ပြည်သူပိုင်ပစ္စည်းတွေကိုလည်း လုယူသွားခဲ့ကြတယ်လို့ သိရပါတယ်။
ပခုက္ကူလူထုတိုက်ပွဲကော်မတီတာဝန်ခံ ကိုစိုးထွဋ် က “အဲဒီနေ့ မနက်ပိုင်းမှာ ညောင်ပင်လှထဲ ဝင်ပြီး လမ်းမှာတွေ့တဲ့ ရွာခံအမျိုးသား ၂ ယောက်ကို ဝိုင်းရိုက်သွားကြတာ စိုးရိမ်ရတဲ့အနေအထား ရှိတယ်။ ညနေပိုင်းရောက်တော့ စစ်ဘေးရှောင်တွေ ယာယီနေထိုင်နေကြတဲ့ ရေမျက်ရွာက ဂေါတမဘုရားဘုန်းကြီးကျောင်းထဲကို အင်အားအလုံးအရင်းနဲ့ ဝင်အစီးခံရတယ်။ ကျောင်းမှာ သီတင်းသုံးနေတဲ့ ဦးဇင်း ၂ ပါးနဲ့ စစ်ဘေးရှောင်အမျိုးသား ၃ ယောက်ကို လူသားဒိုင်းလုပ်ဖို့ ဖမ်းသွားတယ်။ စစ်ဘေးရှောင်တွေရဲ့ ကား ၃ စီးနဲ့ ဆိုင်ကယ်တွေ အစီး ၂၀ လောက်ကိုလည်း ကားတွေပေါ် ဇွတ်တင်ပြီး လုယူသွားကြသေးတယ်။ အခု ရေမျက်ရွာနဲ့ သူတို့ စစ်ကြောင်းစခန်းချနေတဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာက နီးနီးလေးရယ်” လို့ DVB ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဇွန် ၇ ရက်နေ့ညနေပိုင်းအထိ ပြန်မလွတ်လာသေးဘဲ စစ်ကောင်စီ စစ်ကြောင်းဟာ ကမ္မမြို့အနောက်ဘက် ဂျိုးပျံကျေးရွာကို ရောက်ရှိ အထိုင်ချနေကြသလို ဂျိုးပျံကျေးရွာရဲ့ အနောက်ဘက်တကြောကို Y12 လေယာဉ်တွေနဲ့ ဗုံး ၁၀ ကြိမ်ထက်မနည်း ကြဲချခဲ့လို့ မြေပြင်ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့လတွေကလည်း စစ်ကောင်စီရဲ့ ပခုက္ကူအခြေစိုက်တပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်နဲ့ ရေစကြိုမြို့နယ်ထဲကို မကြာခဏ စစ်ကြောင်းထိုးနေသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ကြသေးတယ်လို့လည်း ပခုက္ကူအခြစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။