
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ခွန်ဆာကုန်းကို စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သား ၉ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖားကန့်မြို့လယ်မှာရှိတဲ့ ဗျူဟာကုန်းကနေ လုံးခင်းကျေးရွာကို ဇွန် ၆ ရက်နေ့ ညနေပိုင်း ၉ နာရီကျော်လောက်မှာ လက်နက်ကြီးကျည် ၃ လုံးထက်မနည်း ပစ်ခတ်ခဲ့တာလို့ ဖားကန့်ဒေသခံတယောက်က ပြောပါတယ်။
“စစ်ကောင်စီရဲ့လက်နက်ကြီး ၃ လုံးထက်မနည်းဟာ ခွန်ဆာကုန်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ အရပ်သား ၉ ဦးသေဆုံးခဲ့တာရှိတယ်။ သေဆုံးသွားတဲ့အထဲမှာ ကလေးငယ်တဦးနဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်။ ဒဏ်ရာရရှိသူတွေ အတော်များတယ်။ လောလောဆယ် စိစစ်လို့တောင် မရနိုင်သေးဘူး။ ဘာတိုက်ပွဲမှ မရှိဘဲ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ။”
လက်နက်ကြီး ပစ်ခတ်မှုကြောင့် လုံးခင်းကျေးရွာ ခွန်ဆာကုန်းမှာရှိတဲ့ ပုလဲဓာတ်မြေဩဇာ ဂိုဒေါင်လည်း မီးလောင်ပေါက်ကွဲခဲ့ပြီး အနီးအနားရှိ နေအိမ် ၁၆ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး အခုရက်ပိုင်းအတွင်းမှာတော့ ငြိမ်သက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ် မော်စီစာကျေးရွာကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ယမ်းဂုဒေါင်တခုပေါက်ကွဲခဲ့ပြီး အရပ်သား ၂ ယောက် သေဆုံးပြီး အယောက် ၂၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။