
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့မှာ စစ်ကောင်စီတပ်က အရေးပေါ် စစ်ရေးနဲ့ လုံခြုံရေးအတွက် ကား ၁ စီး ဝယ်ယူဖို့ မေ ၂၀ ရက်က စတင်ပြီး လုပ်ငန်းရှင်တွေဆီက ကျပ် ၃ သိန်းဆီ ကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်မှုထမ်းတွေကို ရွာတွေကနေ အကြိုအပို့လုပ်ဖို့ အပါအဝင် စစ်ရေးနဲ့ လုံခြုံရေးအတွက် လိုအပ်သလိုသုံးဖို့ ကားဝယ်ဖို့ဆိုပြီး လုပ်ငန်းရှင်တွေဆီကနေ တယောက် ၃ သိန်းနှုန်းကောက်နေတာ၊ အရေးပေါ်လိုအပ်လို့ဆိုပြီး ကောက်တာ” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူကပြောပါတယ်။
စစ်ကောင်စီတပ်က ကားဝယ်ဖို့အတွက် လုပ်ငန်းရှင်တွေဆီကနေ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကဆင့် ကောက်ယူခိုင်းတာရှိသလို အစည်းအဝေးခေါ်ကာ ကောက်ယူတာလည်း လုပ်နေတယ်လို့ ဆိုပါတယ်။
မဲဇလီကုန်း မြို့ခံတယောက်က “နီးရာဓားကြောက်ရတော့လည်း ထည့်တဲ့သူ များတယ်။ လုပ်ငန်းရှင်တွေတိုင်း အကုန်ထည့်မယ်ဆို ကား ၅ စီးတောင် ဝယ်လို့ရတယ်။ ဘာကား ဝယ်မလဲတော့ မသိဘူး။ ပုံစံအမျိုးမျိုး ထည့်ရတာလည်း မလွယ်ဘူး” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်ထဲက မဲဇလီကုန်းမြို့ကို စစ်ကောင်စီတပ်က အနောက်တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ခုခံကာကွယ်ရေး တိုင်းစစ်ဌာနခွဲတခုအဖြစ် မေ ဒုတိယအပတ်က စတင်ကာ ခုခံစစ် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မေလ ဒုတိယအပတ်က စတင်လို့ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက် လာတယ်ဆိုပြီး စစ်ကောင်စီတပ်က အင်္ဂပူမြို့နယ်ထဲက အရပ်သားတွေနေတဲ့ ကျေးရွာတွေကို လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲခဲ့သေးတယ်လို့ ဆိုပါတယ်။