
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းက စစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း မေ ၂၁ ရက် တရက်တည်းမှာ ဗုံးအလုံး ၄၀ နီးပါး ကြဲချခဲ့လို့ ပြည်သူတချို့ သေဆုံးကာ ဒဏ်ရာရသူတွေ ရှိကြသလို လူနေအိမ်တွေလည်း ပျက်စီးပြီး ဒေသခံတွေဟာလည်း ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ရဲ့ တာဝန်ရှိသူတဦးက “ကန့်ဘလူမြို့နယ်ထဲက ပေါက်ဆိန်ကုန်းရွာနဲ့ သင်တောရွာတွေကို မြေပြင်စစ်ကြောင်းထိုးနေတဲ့ အပြင် Y12 လေယာဥ်တွေနဲ့လည်း နေ့လယ် ၁၂ နာရီလောက်ကနေ ၁ နာရီလောက်အထိ ဗုံးအလုံး ၄၀ လောက်ကို တောက်လျှောက်ကြဲသွားလို့ ပေါက်ဆိန်ကုန်းရွာက အမျိုးသား ၂ ယောက် နေရာမှာတင် ဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိကြတယ်လို့ သိရတယ်။ အဲဒီရွာတွေက ပြည်သူတွေကတော့ ထွက်ပြေးကုန်ကြပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းဟာလည်း အဆိုပါကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး လူနေအိမ်တွေကိုလည်း ဖျက်ဆီးနေကြတယ်လို့ ဆိုပါတယ်။
ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ပေါင်းစုတာဝန်ခံက “အဲဒီရွာတွေမှာ ဝင်နေတဲ့ စစ်ကြောင်းက အင်အား ၂၀၀ လောက်ရှိတယ်။ ကိုးတောင်ဘို့ရွာနဲ့ ချပ်သင်းရွာတွေဘက်ကနေ လာတာ။ လေယာဥ်ဗုံးကြဲပြီးတော့ သိပ်မကြာခင် စစ်ကြောင်း ရောက်လာတာ။ ရွာခံတွေကတော့ ဗုံးကြဲခံရပြီးကတည်းက အကုန်လုံးနီးပါး ထွက်ပြေးကြတာ။ ရွာထဲမှာ ကျန်နေခဲ့ကြတဲ့သူတွေထဲက အဖမ်းခံထားရတဲ့သူတွေလည်း ရှိတယ်တော့ သိထားရတယ်။ စစ်ကြောင်းလည်း ရှိနေသေးတော့ အတိအကျပြောဖို့ မလွယ်သေးဘူးဖြစ်နေတာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကန့်ဘလူမြို့နယ်ထဲကို စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကနေပါ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရကြသလို ထောင်ချီတဲ့ ပြည်သူတွေဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာ နှစ်ချီကြာမြင့်နေပြီး စားနပ်ရိက္ခာတွေ လိုအပ်နေကြပြီလို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီကနေ သိရပါတယ်။