
မန္တလေးတိုင်း ၁၁ မြို့နယ်မှာ မေ ၁ ရက်မှ ၁၅ ရက်အထိ အချိန် ၂ ပတ်ကျော်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၈၅ ကြိမ်ကျော်ရှိခဲ့ပြီး ထိခိုက်သေဆုံးသူ ၅၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့ မတ္တရာ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။
စစ်ကောင်စီက ဧပြီတလလုံးမှာ မန္တလေးတိုင်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၇၉ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် အခုမေလ တဝက်အထိ လေကြောင်းတိုက်ခိုက်ခံရမှု ၈၅ ကြိမ်နဲ့နှိုင်းယှဉ်ရင် မန္တလေးတိုင်းကို ၂ ဆကျော်တိုးပြီး လေကြောင်းတိုက်ခိုက်နေတဲ့အခြေအနေဖြစ်ပါတယ်။
မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဦးတိုးက “ဒီကာလထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေက တအားများတယ်လေ၊ နယ်စုံပါပဲ မန္တလေးတိုင်းအတွင်းဆိုလို့ရှိရင် မိုးကုတ်၊ တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ၊ ငါန်းဇွန်၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ မလှိုင်အစပ်နဲ့ ကျောက်ပန်းတောင်းအစပ်အထိပါတာပေါ့၊ ပြီးခဲ့တဲ့လက တလလုံးမှ ၇၉ ကြိမ်ရှိတာလေ၊ အခုဒီဘက်လပိုင်း ၁၅ ရက်ပဲရှိသေးတယ်၊ ၈၅ ကြိမ်ကျော်သွားပြီ၊ ဒါတောင်မှ လေယာဉ်တစီး သူ့ဘာသာ ဘယ်နှလုံးပဲချချ လေယာဉ်တစီးကို တိုက်ခိုက်မှုတကြိမ်အဖြစ်ရေတွက်ထားတာလေ၊ အဲ့ဒီလိုနှုန်းနဲ့ကို ၈၅ ကြိမ်ကျော်သွားပြီ၊ လူဦးရေအသေအဆုံးက မရှိဘူးဆိုရင် ၅၀ အထက်မှာရှိတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနယ်၊ အိုးတိန်တွင်းရွာလေကြောင်းတိုက်ခိုက်မှုအပြီးမှာ ဝေဖန်ခံရတာတွေမြင့်တက်ခဲ့ပေမဲ့ အရှိန်မလျှော့ခဲ့ဘဲ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၁၈ ရက်က ပုလဲနယ် နွယ်အင်းရွာကို လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၅ ယောက်သေဆုံးခဲ့တယ်လို့ ပုလဲဒေသခံတယောက်က ပြောပါတယ်။
“မိတ္ထီလာ ရှမ်းတဲလေဆိပ်ကနေပြီးတော့ ဂျက်ဖိုက်တာတစီးတက်လာပြီးတော့ ပုလဲနယ်ထဲမှာ ရောက်လာတယ်။ သုံးပတ်လောက်ပတ်ဝဲပြီးတဲ့အခါကြတော့မှ နွယ်အင်းရွာထဲမှာ ကလပ်စတာဗုံး နှစ်ဆင့်ကွဲနဲ့ချလိုက်တာ၊ အိမ်ပေါ်တည့်တည့်ကျသွားတယ်၊ ကျကွဲသွားပြီးတဲ့နေရာမှာ အဲ့အိမ်တော့ အားလုံးပျက်စီးသွားပြီ၊ လူတွေလည်းထိခိုက်ကျဆုံးကြတော့မှာဆိုတော့ သွားကယ်လိုက်တဲ့နေရာမှာ တအိမ်တည်းနဲ့ ၃ ယောက်က တခါတည်းပွဲချင်းပြီးသေဆုံးတယ်။ ဆေးရုံရောက်မှက ၂ ယောက်သေဆုံးတယ်၊ ပြင်းထန်ထိခိုက်ဒဏ်ရာရကလည်း ကလေးတွေက ခြေပြတ်လက်ပြတ်တွေနဲ့ ညှပ်ရိုးဘက်တွေလည်းကျိုးသွားတာတွေနဲ့ပေါ့၊ တော်တော်ကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်။”
မေ ၁၈ ရက်နဲ့ ၁၉ ရက်မှာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးခဲ့ပါတယ်။
မေ ၁၉ ရက် မွန်းလွဲပိုင်းမှာ မြင်းခြံမြို့နယ်ထဲက ကံဆင့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ယောက်သေဆုံးခဲ့ပါတယ်။
မေ ၁၅ ရက်ကစပြီး ၉/ အညာမြေစစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်စခန်း ၈ ခုကို ဒေသကာကွယ်ရေးအဖွဲ့တွေက တပြိုင်တည်းတိုက်ခိုက်ခဲ့ပြီးနောက် မန္တလေးဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေ ပိုမြင့်တက်နေပါတယ်။
သုတချမ်းသာ