
ဧရာဝတီတိုင်းမှာ နွေစပါးပေါ်ချိန် စပါးတင်း ၁၀၀ ကို ကျပ် ၁၂ သိန်းအထိ ဈေးကျဆင်းနေလို့ စပါးစိုက်တဲ့ ဒေသခံ တောင်သူလယ်သမားတွေ အခက်အခဲဖြစ်နေပါတယ်။
လက်ရှိ စပါးဈေးကွက်မှာ ဒေသခံ တောင်သူတွေစိုက်ပျိုးထားတဲ့ နွေစပါးသစ် GW 11 စပါး၊ ထိုင်းဘေးကြား၊ ဗီယက်နမ်နဲ့ နယူးဧရာ၊ ဗျောသုခစပါး အသစ်တွေဟာ စပါးပေါင် ၅၀ ရှိ တင်းရေ ၁၀၀ ကို ကျပ် ၁၁ သိန်း ဝန်းကျင်သာဈေးရှိပြီး ကျန်တဲ့ အညာသား၊ ရက် ၉၀ ၊ ဆင်းသုခ၊ နှံကောက်စတဲ့စပါးတွေဟာ ၁၂ သိန်းအထိ သာဈေးရှိကာ ဝယ်ယူသူ နည်းပါးနေတယ်လို့ သိရပါတယ်။
ဘိုကလေးမြို့နယ်က တောင်သူတယောက်က “စပါးဈေးက ရိတ်တော့မယ် ဆိုကတည်းက ထိုးကျသွားတာ။ အခုစပါးရှယ်အသန့်မှတင်း ၁၀၀ ကို ကျပ် ၁၂ သိန်းဈေး ပဲပေါက်တော့တယ်။ စပါးဈေးကောင်းဖို့ စောင့်ပြီးလက်ထဲ စပါးမထားနိုင်ပါဘူး။ ရတဲ့ဈေးနဲ့ ရောင်းထုတ်ရတာ။ သွင်းအားစုဖိုး၊ ရိက္ခာဖိုး၊ မျိုးစေ့ဖိုး၊ ဘေးကနေ အတိုးနဲ့ ဆွဲပြီး လယ်ထဲထည့်ထားတဲ့ အကြွေးအကုန်ပြန်ဆပ်ဖို့ ရောင်းခဲ့ရတာ။ သွင်းအားစုဈေးတွေကလည်း အဆမတန် ထိုးတက်တဲ့ဈေးနဲ့ မိခဲ့တာ။ လယ်လုပ်ရတာ အမြတ်မရှိတာ ဒီနှစ်အဆိုးဆုံးပဲ။ ဒီနှစ်အကြွေးကျေရုံ လောက်ပဲရှိသေးတယ်” လို့ ပြောပါတယ်။
အရင် ၂၀၂၄ ခုနှစ် ဧပြီလ နွေစပါးတွေပေါ်ချိန် စပါးအသစ် ဈေးတင်း ၁၀၀ ကို အနိမ့်ဆုံးငွေကျပ် ၁၉ သိန်းလောက် အထိ ဈေးတန်းရှိပြီး မိုးစပါးကလည်း အနိမ့်ဆုံး စပါးတင်း ၁၀၀ ကို ငွေကျပ် ၂၂ သိန်းအထိဈေးပေါက်ခဲ့ပါတယ်။
နှစ်အလိုက် ကာလတူ ဈေးကွက်ယှဉ်ရင်ဒီနှစ်မှာ နွေစပါးအသစ်တွေအပြင် မိုးစပါး အဟောင်း ဈေးကွက်ပါ ပျက်သွားပြီးတောင် သူတွေမှာ ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က တောင်သူတယောက်က “စိုက်ပျိုးရေး ကုန်ကျစရိတ်တွေ အဆမတန် ကုန်ကျခဲ့တာ။ ဓာတ်မြေသြဇာတွေကို အရင်စံချိန်အတိုင်း မသုံးနိုင်ခဲ့တော့ စပါးတွေအထွက် ကျဆင်းခဲ့တယ်။ အခုစပါးဈေးက ထိုးကျနေတော့ ဒုက္ခပတ်နေတယ်။ ဒါတောင် လယ် တဧက ကုန်ကျစရိတ် အနည်းဆုံးက ငွေကျပ် ၁၀ သိန်းလောက်အထိ ကုန်ကျစရိတ်ရှိခဲ့တယ်။ အခုအရင်း ၁၀ သိန်းတောင် ပြန်ရတဲ့အထိ ဖြစ်နေရတယ်”လို့ ပြောပါတယ်။
စပါးဈေးကျဆင်းနေရတဲ့ အဓိကအချက်က ပြည်ပဆန်ဈေးကွက် ကျဆင်းနေသလို မြန်မာက ဆန်တင်ပို့မှု ကျဆင်းနေတဲ့အတွက် ဆန်ကုန်သည်ကြီးတွေက ဆန်ဝယ်ယူမှုတွေ ရပ်ထားလို့ ကုန်သည်၊ ဝယ်လက်၊ ဆန်စက်တွေကနေ စပါးဝယ်ယူမှု လျော့ကျလာတဲ့ အခြေအနေကြောင့် ဖြစ်တယ်လို့ ဆန်၊ စပါးရောင်းဝယ်ရေး ကုန်သည်လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိ မြင့်တက်နေတဲ့ လယ်ယာ စိုက်ပျိုးရေးသွင်း စရိတ်တွေကုန်ကျမှုနဲ့ နှိုင်းယှဉ်တွက်ချက်ပါက စပါး တဧကကို စပါးတင်း ၁၀၀ နဲ့ အထက်ထွက်ရှိပါက စပါးဈေး ကျပ် ၁၇ သိန်းဈေးလောက်ရမှ အကျိုးအမြတ် တချို့ ခံစားရနိုင်ပြီး စပါးတစ်ဧကကို တင်း ၇၀ ကနေ ၈၀ ကြားသာ ထွက်ရှိပါက စပါးဈေး ကျပ်သိန်း ၂၀ လောက်ရမှသာ ထိုက်သင့်တဲ့ အကျိုးအမြတ်ခံစားရမယ့် အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မိုးစပါးစိုက်ပျိုးရာသီက ဒေးဒရဲ၊ ဟင်္သာတ၊ သာပေါင်း၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ ဘိုကလေး၊ မအူပင်၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း စတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံခဲ့လို့ စပါးခင်းတွေ ရေမြုပ်ပျက်စီးခဲ့ပြီး စပါးတွေအထွက်နှုန်း အဆမတန် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းက ဒေသခံတွေဟာ ဆန်၊ စပါးကို အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေတဲ့ တိုင်းဒေသကြီးတခု ဖြစ်ပြီး မိုးစပါး စိုက်ဧက ၃၇ သိန်းကျော်နဲ့ နွေစပါး စိုက်ဧက ၁၄ သိန်းကျော်အထိ နှစ်စဉ် စိုက်ပျိုးနေတယ်လို့ သိရပါတယ်။