
ဧရာဝတီတိုင်းမှာ ငလျင်ဘေးသွားလှူမယ့်သူတွေနဲ့ အလှူခံမယ့်သူတွေကို သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ခွင့်ပြုမိန့်နဲ့ လူစာရင်း တင်ခိုင်းနေတယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
ဧပြီ ၄ ရက်က စတင်ပြီး စစ်ကောင်စီခန့် မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ခွင့်ပြုအမိန့် တင်ခိုင်းတာအပြင် အလှူခံရရှိတဲ့ ငွေစာရင်း၊ သွားရောက်လှူဒါန်းမယ့် လူအယောက်ရေနဲ့ ခရီးသွားထောက်ခံစာတွေပါ လုပ်ခိုင်းနေတာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကူမယ် လှူမယ် ဆိုရင်တောင် လွတ်လွတ်လပ်လပ် လှူခွင့် ကူညီခွင့် မရတဲ့ဘဝ။ ဘာထဖြစ်ပြန်တာလဲ မသိဘူး။ အပျော်ခရီးထွက်တာမှ မဟုတ်တာ၊ ခွင့်ပြုမိန့်တို့ ထောက်ခံစာတို့ လုပ်ခိုင်းတာက။ ငွေစာရင်းလည်း စစ်သေးတာ” လို့ ပြောပါတယ်။
ငလျင်ဘေးအတွက် လုပ်ဆောင်သူတွေကို စစ်ကောင်စီခန့် မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေက ခွင့်ပြုအမိန့်၊ အလှူခံရရှိတဲ့ ငွေစာရင်း၊ သွားရောက်လှူဒါန်းမယ့် လူအယောက်ရေနဲ့ ခရီးသွားထောက်ခံစာတွေပါ လုပ်ခိုင်းတာအပြင် အလှူခံမယ် ဆိုပါက အလှူခံမယ့်နေရာနဲ့ သွားလှူမယ့်ဒေသကို ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေဆီ ကြိုတင်စာရင်းတင်ခိုင်းပြီး အလှူခံရရှိတဲ့ငွေကို အုပ်ချုပ်ရေးအဖွဲ့က သီးသန့်သွားလှူမယ့် ငလျင်ဒဏ်သင့်ဒေသအတွက်ပါ ထည့်ဝင်လှူဒါန်းပေးဖို့ ပြောဆို ကောက်ယူနေတယ်လို့ ဆိုပါတယ်။
တိုင်းစစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “ခွင့်ပြုအမိန့် တင်ခိုင်းတာ အပါအဝင် တချို့လုပ်ခိုင်းတဲ့ အချက်တွေကတော့ လုံခြုံရေးနဲ့ သက်ဆိုင်တာကြောင့် လုပ်ခိုင်းတာလို့ သိရပါတယ်။ ကျန်တဲ့ ငွေကြေးကိစ္စတွေကိုတော့ ရပ်ကွက် ကျေးရွာ တာဝန်ရှိသူတွေက သူတို့အစီအစဉ်နဲ့ သူတို့လုပ်တာ ရှိပါလိမ့်မယ်” လို့ ပြောပါတယ်။
အခုလို ငလျင်ဘေးအတွက် အားဖြည့်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို ဧရာဝတီတိုင်းမှာ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံ စတဲ့မြို့ကြီးတွေ အပါအဝင် မြို့နယ်အလိုက် တင်းကျပ်နေတာလို့ သိရပါတယ်။
စစ်ကောင်စီက ငလျင်ဘေးအတွက် လုပ်နေတဲ့သူတွေကို လုံခြုံရေးအကြောင်းပြကာ ခုလို လုပ်ဆောင်နေတာဟာ လုံခြုံရေးအတွက် သက်ရောက်မှုမရှိဘဲ ငလျင်ဒဏ်အတွက် ကူညီလှူဒါန်းတဲ့ လုပ်ငန်းကိစ္စတွေမှာသာ ထိခိုက်နှောင့်နှေး ကြန့်ကြာတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။