စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အနောက်ခြမ်း၊ မုံရွာ-ယာကြီး-ကလေးကားလမ်းမဘေးအနီးမှာ ရှိတဲ့ သင့်ကန်ရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားအမျိုးသမီးတယောက် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံထံက နေသိရပါတယ်။
သင့်ကန်ရွာက ပြည်သူတယောက်က “ကျနော်တို့ရွာ အနောက်ဘက် ၂ မိုင်လောက် အကွာမှာရှိတဲ့ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ကြဲချတာဗျ။ ညနေ ၅ နာရီမှာ တကြိမ်၊ ည ၁၀ နာရီခွဲမှာ တကြိမ်စုစု ပေါင်း ၂ ကြိမ် ကြဲချတာ။ ညနေခင်းက စက်တပ် လေထီးက ဗုံးသီး ၃ လုံးချတာ။ ၂ လုံးက ပေါက်ကွဲတယ်။ ၁ လုံးက မပေါက်ကွဲဘူးဗျ။ ညပိုင်း ၁၀ နာရီခွဲက လာကြဲတာက ဂျက်ဖိုက်တာနဲ့ ၂ လုံးကြဲတာ။ ဗုံးသီးက ကြီးတယ်ထင်တယ်။ ကွဲတဲ့အသံကြီးကလည်း မြေကြီးတွေပါတုန်ခါသွားတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ် ဗုံးသီးချသွားတဲ့ နေရာဟာ ကနီမြို့နယ် ပြည်သူကာကွယ်ရေးတပ်တွေရဲ့ စစ်ဆေးရေးဂိတ်အဟောင်းနေရာဖြစ်တယ်လို့လည်း သိရပါတယ်။ စက်တပ်လေးထီးဟာ မုံရွာမြို့ နမခစစ်တပ်က နေလာရောက်ဗုံးချတာဖြစ်ပြီး ဂျက်တိုက်လေယာဉ်ကတော့ မကွေးလေတပ်ကနေ လာရောက်ကြဲ ချသွားတာလို့ လည်းသိရပါတယ်။
ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုဉာဏ်က “စက်တပ်လေထီးနဲ့က ၁၂၀ မမ ၃ လုံး၊ ဂျက်ဖိုက်တာနဲ့က ပေါင် ၂၀၀ ဗုံးသီး ၂ လုံးနဲ့ မုံရွာ-ယာကြီး-ကလေးဝလမ်း သင့်ကန်ရွာနားမှာ လေကြောင်း တိုက်ခိုက်သွားတာ။ တော်လှန်ညီအစ်ကိုတွေနဲ့ ဒေသခံမိဘပြည်သူတွေ အနေနဲ့လေကြောင်းရန်ကို အထူးဂရုစိုက်ကြပါ”လို့ ပြောပါတယ်။
ကနီမြို့နယ်အတွင်း စစ်တပ်က မြေပြင်စစ်ကြောင်းထိုး၊ နယ်မြေရှင်းလင်းရေး မလုပ်တော့ဘဲ တိုက်လေယာဉ်အပါအဝင် စက်တပ်လေထီးတွေသုံးပြီး လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ သေဆုံးတာရှိနေပါတယ်။