
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမပေါ်ရှိ စစ်ကောင်စီ လေတပ် အိမ်ထောင်သည် လိုင်းခန်း အစောင့်ကင်းဂိတ်ကို ဧပြီ ၁၁ ရက် ည ၇ နာရီခွဲလောက်မှာ တော်လှန်ရေးတပ်ဖွဲ့ Operation Flame က လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ် အခြေအနေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ စစ်ဆင်ရေး ပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားတွေ ဘေးကင်းရာကို ရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။
Operation Flame ပြန်ကြားရေး တာဝန်ခံက “ကျနော်တို့ အင်းစိန် သီရိမင်္ဂလာလမ်း လေတပ် အိမ်ထောင်သည်လိုင်း ဂိတ်ကင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ လက်ပစ် ၂ လုံး ပစ်ထည့်ခဲ့တာပါ။ အနည်းဆုံး အစောင့် ၂ ယောက်လောက် ထိခိုက်မှု ရှိနိုင်ပါတယ်။ ရဲဘော်အားလုံး ဘေးကင်းပါတယ်” လို့ DVB ကို ပြောပါတယ်။
ဆက်လက်ပြီး ရန်ကုန် တော်လှန်ရေး မဟာမိတ်အဖွဲ့တွေ အားလုံးနဲ့ လက်တွဲပြီး စစ်ကောင်စီတပ် အခြေစိုက်ရာ နေရာတွေကို အရှိန်မြှင့် တိုက်ခိုက် ချေမှုန်းသွားမယ်လို့ Operation Flameမှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။