
မတ် ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်ပြီးရင် အသေအပျောက်နဲ့ အပျက်အစီးအများဆုံး မြို့တွေဖြစ်တဲ့ ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည် ပျက်စီးဆုံးရှုံးမှု အခြေအနေပြ ဂြိုဟ်တုဓာတ်ပုံတွေနဲ့အတူ နောက်ဆုံးရ နိုင်ငံတကာ အကူအညီတွေနဲ့ စစ်ကောင်စီက အကူအညီကို လက်နက်လို သုံးနေသလားဆိုတဲ့ ကိစ္စကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ပျော်ဘွယ်မြို့ ဂြိုဟ်တုဓာတ်ပုံနှင့် ပျက်စီးမှုအခြေအနေ
ပထမဆုံးအနေနဲ့ သေဆုံးသူ ၂၂၂ ယောက်အထိ ရှိခဲ့တဲ့ ပျော်ဘွယ်မြို့ အခြေအနေကို ကြည့်ရအောင်ပါ။ အဆိုးဆုံးထိခိုက်ခဲ့တဲ့ KBZ ဘဏ်ရှိတဲ့ အဆောက်အအုံမှာ လူ အယောက် ၄၀ လောက် ပိတ်မိနေတာမှာ အသက်ရှင်ကျန်ရစ်ခဲ့သူ မရှိနိုင်တော့ဘူးလို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် သောက်သုံးရေပြတ်လပ်တာလို ပြဿနာတွေ ရင်ဆိုင်နေရပြီးတော့ လမ်းနဲ့ အခြေခံအဆောက်အအုံပိုင်းလည်း ပျက်စီးမှုကြီးမားခဲ့တဲ့မြို့နယ် ဖြစ်ပါတယ်။
ရမည်းသင်းမြို့ ဂြိုဟ်တုဓာတ်ပုံနှင့် ပျက်စီးမှုအခြေအနေ
နောက်တမြို့ကတော့ သေဆုံးသူ ၂၁၆ ယောက်အထိ ရှိတဲ့ ရမည်းသင်းပါ။ ဒါက DVB Data Team က ကောက်ယူရရှိသလောက် ကိန်းဂဏန်းဖြစ်ပြီးတော့ မသိရသေးတာတွေလည်း ရှိနိုင်ပါတယ်။ ရမည်းသင်း ရွာတန်းဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြိုကျရာမှာ အသေအပျောက် များခဲ့ပါတယ်။ ဒါ့အပြင် ဗလီ ၇ လုံးထက်မနည်း ပြိုကျပျက်စီးခဲ့ပြီးတော့ သေဆုံးသူ ၂၀၀ ကျော်မှာ ၁၅၀ လောက်က ဗလီပြိုလို့ ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။
ကျောက်ဆည်မြို့ ဂြိုဟ်တုဓာတ်ပုံနှင့် ပျက်စီးမှုအခြေအနေ
ပြီးတော့ ၁၂၉ ယောက်ထက်မနည်း သေဆုံးတဲ့ ကျောက်ဆည်မြို့ ဂြိုဟ်တုဓာတ်ပုံကို ဆက်ကြည့်ရအောင်ပါ။ ကျောက်ဆည်မြို့ Bright Kids School ပြိုကျမှုတခုတည်းမှာတင် အသေအပျောက် တော်တော်များခဲ့ပါတယ်။ တမြို့လုံးအတိုင်းအတာနဲ့ မြို့ရဲ့ ၃ ပုံမှာ ၂ ပုံလောက် ပျက်စီးဆုံးရှုံးခဲ့သလို လက်ရှိမှာလည်း ရှင်းလင်းရေးတွေ လုပ်ဆောင်ဖို့ စက်ယန္တရား အခက်အခဲတွေနဲ့ ရှိနေပါတယ်။ ရေအခက်အခဲလည်း ရှိနေပြီးတော့ ရွာဘက်တွေမှာ တော်တော် အခြေအနေဆိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငလျင်ဘေး နိုင်ငံတကာအကူအညီ
နိုင်ငံတကာအကူအညီ အများစုဟာ အကူအညီတွေကို စစ်ကောင်စီဆီကနေ မဟုတ်ဘဲ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဆီကနေ ပေးပို့တာဖြစ်တဲ့အတွက် ရောက်မယ်လို့တော့ မျှော်လင့်ရပါတယ်။
ပြည်တွင်းလုပ်ငန်းရှင်တွေကတော့ ငွေသားနဲ့ အလှူပစ္စည်း စုစုပေါင်း ကျပ် ၁၁၆ ဒသမ ၈၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၆၁ သန်း) လှူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဥက္ကဋ္ဌကတော့ သေဆုံးသူတွေကို တယောက် ကျပ် ၁၀ သိန်း ပေးမယ်လို့ပဲ ကြေညာထားပါတယ်။
စစ်ကောင်စီ၏ ကန့်သတ်ဟန့်တားမှုများ
စစ်ဆေးရေးဂိတ်တွေ၊ ညမထွက်ရအမိန့်တွေနဲ့ စစ်ဘက်ဆိုင်ရာ ကန့်သတ်ချက်တွေဟာ စစ်ကိုင်းနဲ့ မန္တလေးလို ငလျင်ဒဏ် အဓိကခံရတဲ့ နေရာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့တယ်လို့ သုံးသပ်ထားကြပါတယ်။
အကူအညီပေးရေး လုပ်သားတွေကို လွန်လွန်ကျူးကျူး စစ်မေးတာ၊ ယာဉ်တန်းတွေ ပိတ်ဆို့နေတာ၊ ဗျူရိုကရေစီယန္တရားရဲ့ အတားအဆီးတွေဟာ ကယ်ဆယ်ရေးကို အင်မတန်မှ နှောင့်နှေးစေခဲ့တယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ကောက်ချက်ချပါတယ်။
မတ်လ ၃၁ ရက်နေ့တုန်းကလည်း ငလျင်ကယ်ဆယ်ရေး အကူအညီတွေ သယ်လာတဲ့ တရုတ်ကြက်ခြေနီယာဉ်တန်းကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အုမ္မတီးရွာအနီးမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ ဒီဖြစ်စဉ်ကြောင့် နိုင်ငံရေးရည်ရွယ်ချက်အပေါ် မူတည်ပြီးတော့ ရွေးပြီးတော့ ခွင့်ပြုတာ၊ ငြင်းပယ်တာ၊ တနည်းပြောရရင် အကူအညီကို လက်နက်သဖွယ် အသုံးချတာအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လိုအပ်တဲ့ ကယ်ဆယ်ရေး အကူအညီတွေ မရောက်အောင် ဟန့်တားခြင်းအားဖြင့် ပြည်သူတွေကိုပါ အပြစ်ပေးပြီးတော့ အကူအညီကို စစ်လက်နက်ကိရိယာတခုလို သုံးတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။ အခုဆိုရင်လည်း မြန်မာနိုင်ငံကို နိုင်ငံခြားသားဝင်ရောက်မှု ကန့်သတ်ဖို့ Tourist Visa ပိတ်လိုက်ပြီးတော့ သတင်းအမှောင်ချဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ သီးခြား လွတ်လပ်စွာ ဆောင်ရွက်ခွင့်မရှိဘဲ ကြိုတင်ခွင့်ပြုချက် တောင်းဖို့လိုတယ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းမှ ခွင့်ပြုပေးသွားမယ်လို့ ပြောထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ နိုင်ငံတကာအကူအညီတွေချည်း မမျှော်ကိုးဘဲနဲ့ စစ်ကောင်စီရဲ့ အကူအညီတွေကိုချည်း အားကိုးမနေဘဲနဲ့ ငလျင်ဒဏ် တိုက်ရိုက်မခံရတဲ့ ပြည်တွင်းပြည်ပ မြန်မာတွေလည်း တတ်နိုင်သမျှ ဝိုင်းကူညီနေကြသလို ဆက်ကူညီကြဖို့လည်း နှိုးဆော်ပါတယ်။
အထူးသဖြင့် အကူအညီရောက်ဖို့ ခက်ခဲနေတဲ့ နေရာတွေက ပြည်သူတွေလက်ထဲကို တိုက်ရိုက်ရောက်ပို့နိုင်မယ့် နေရာတွေကို ရွေးလှူကြဖို့ တိုက်တွန်းပါတယ်။
ကိုယ့်တလစာဝင်ငွေ အနည်းအများအပေါ် မူတည်ပြီးတော့ ၁ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ လှူဒါန်းမယ့် One to Ten Percent Challenge လိုမျိုး လုပ်ဖို့လည်း နှိုးဆော်လိုက်ပါတယ်။ ကိုယ်တိုင်လည်း ဒီတလစာ ၁၀ ရာခိုင်နှုန်း လှူထားပါတယ်။ အဲဒီလိုပဲ DVB ပရိသတ်တွေကိုလည်း မိတ်ဆွေအချင်းချင်း One to Ten Percent Challenge လုပ်ကြဖို့ နှိုးဆော်လိုက်ပါတယ်။
ငလျင်နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းအချက်အလက်တွေကို DVB ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်ခ်နဲ့ YouTube ချန်နယ်တွေမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
စိုင်းခေတ်နွေ