ငလျင်ဒဏ်သင့်ဒေသတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အပေါ် ဆန့်ကျင်ဆန္ဒပြတဲ့ လှုပ်ရှားမှုတရပ်ကို ရန်ကုန်လူထုသပိတ်က ရန်ကုန်မြို့ပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကမှ တကယ့် ကပ်ဘေးဖြစ်တယ်လို့ အဓိပ္ပာယ်ရတဲ့ စာသားတွေကို ရန်ကုန်မြို့က လူစည်ကားရာ နေရာတွေမှာ ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ပြသတဲ့ ဒီလှုပ်ရှားမှုကို ဧပြီ ၁၀ ရက်နေ့ ဒီနေ့ ပြုလုပ်ခဲ့တာပါ။
စစ်ကောင်စီဟာ ပြည်သူတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အခြားသော စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်နေပြီး စစ်ကိုင်းငလျင်လိုမျိုး သဘာဝဘေးအန္တရာယ် ကျရောက်နေတဲ့ ကာလတွေမှာလည်း နင်းစရာမြေမရှိ နေစရာ အိမ်မဲ့ခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေကို ပြေးစရာမြေပါမကျန် လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့စွာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို ကမ္ဘာက သိအောင် ရည်ရွယ်ပြီး ဒီလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်တယ်လို့ ရန်ကုန်လူထုသပိတ်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ် ကျရောက်ပြီး နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုတွေကို ခံစားနေရတဲ့ ခိုကိုးရာမဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ခြင်း မရှိတဲ့အပြင် လေကြောင်းတိုက်ခိုက်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်မှုကို အကြိမ်ကြိမ် ပြုလုပ်လျက်ရှိတဲ့ အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင် တော်လှန်တိုက်ထုတ်ကြဖို့ကိုလည်း ရန်ကုန်လူထုသပိတ်က နှိုးဆော်ထားပါသေးတယ်။