
ဂျပန်နိုင်ငံကို သွားမယ့် မြန်မာနိုင်ငံသားတွေအတွက် အလုပ်လုပ်ကိုင်တာနဲ့ သက်ဆိုင်တဲ့ ကာလရှည် နေထိုင်ခွင့်လက်မှတ်ကို အစက ၃ လပဲ ပေးထားပေမဲ့ ၆ လအထိ သက်တမ်းတိုးပေးလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဧပြီ ၈ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနကို ကိုးကားထုတ်ပြန်တာဖြစ်ပြီး အလုပ်လုပ်ကိုင်တာနဲ့သက်ဆိုင်တဲ့ ကာလရှည်နေထိုင်ခွင့်၊ အဲဒါနဲ့ဆက်စပ်တဲ့ မိသားစုနေထိုင်ခွင့်ဗီဇာတို့ရဲ့ (Certificate of Eligibility COE) လက်မှတ်ကို သက်တမ်းတိုးပေးလိုက်တာပါ။
လက်ရှိမှာ မြန်မာနိုင်ငံ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားစေလွှတ်ရေးစနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲတာနဲ့ ငလျင်ဒဏ်သက်ရောက်မှုတွေကြောင့် အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (Oversea Worker Identification Card - OWIC) ထုတ်ပေးတာတွေ နှောင့်နှေးနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးကနေ ဗီဇာရထားပြီး အလုပ်လုပ်ကိုင်ဖို့ ဂျပန်ကိုသွားရောက်ကြမယ့် မြန်မာနိုင်ငံသားတွေရဲ့ COE ကို လတ်တလောမှာ ထုတ်ပေးတဲ့ရက်စွဲကနေ ၆ လအထိ သတ်မှတ်ပေးလိုက်ပါတယ်။
ဒါပေမဲ့ အလုပ်ခန့်အပ်တဲ့ကုမ္ပဏီ စတာကနေ COE ထုတ်ပေးဖို့ လျှောက်ထားတဲ့အချိန်က တင်ပြခဲ့တဲ့ လုပ်ငန်းတာဝန်တွေအတိုင်း ဆက်လက်ခန့်အပ်နိုင်တယ်လို့ ရေးသားထားတဲ့စာကို မြန်မာ နိုင်ငံဆိုင်ရာဂျပန်သံရုံးကို တင်ပြရမှာဖြစ်ပြီး ဗီဇာရယူပြီးဖြစ်ရမယ်လို့ ဆိုပါတယ်။
ဗီဇာမရသေးဘဲ COE ကိုင်ဆောင်ထားသူတွေကတော့ ပတ်စ်ပို့၊ ဗီဇာလျှောက်ထားမယ့် စာရွက်စာတမ်းတွေနဲ့အတူ အလုပ်ခန့်အပ်တဲ့ကုမ္ပဏီတွေက ထုတ်ပေးတဲ့စာကို သင့်တော်တဲ့စာပုံစံနဲ့ ပူးတွဲပြီး သံရုံးကို တင်ပြလျှောက်ထားရမယ်လို့ ဆိုပါတယ်။
ဗီဇာရော၊ COE ရောရှိသူတွေကတော့ အလုပ်ခန့်အပ်တဲ့ကုမ္ပဏီတွေက ရေးသားထားတဲ့စာကို ရယူပြီး သက်တမ်းရှိနေထိုင်ခွင့်ဗီဇာ ကပ်ထားတဲ့ ပတ်စ်ပို့နဲ့ ပူးတွဲကိုင်ဆောင်လို့ ဂျပန်နိုင်ငံကို သွားရောက်နိုင်မှာဖြစ်ပြီး လိုအပ်ရင်တော့ ဂျပန်နိုင်ငံကို ဝင်ရောက်ချိန်မှာ အဲဒီစာကို ပြသရမယ်လို့ ဆိုပါတယ်။
ရထားတဲ့ COE ဟာ ထုတ်ပေးတဲ့ရက်ကနေ ၆ လထက် ပိုကျော်လွန်နေရင်တော့ COE ကို အသစ်ပြန်လည်လျှောက်ထားရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဟာ ဖေဖော်ဝါရီလလယ်ပိုင်းမှာ OWIC ကတ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို တလလောက် ရပ်နားခဲ့ပြီး မတ် ၂၀ ရက်ကစလို့ ပြန်ထုတ်ပေးခဲ့ပေမဲ့ ရက်ပိုင်းအကြာမှာပဲ ငလျင်လှုပ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးရုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်ပထွက်ခွာမယ့်သူတွေကို စိစစ်ခွင့်ပြုတဲ့လုပ်ငန်းစဉ်တွေပါ နှောင့်နှေးကြန့်ကြာနေတယ်လို့ အေဂျင်စီ အသိုက်အဝန်းဆီက သိရပါတယ်။