
ထိုင်းနိုင်ငံ၊ ဘန်ကောက် အပါအဝင် ၄၇ ခရိုင်မှာ ဧပြီ ၇ ရက်မှ ၈ ရက်အတွင်း အပူပိုင်းမုန်တိုင်း ဝင်ပြီး မိုးထစ်ချုန်းရွာ၊ လေပြင်းတိုက်၊ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီမနက် ၆ နာရီမှာ ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံက လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် အသင့်အတင့်အေးတဲ့ လေထုဟာ ထိုင်းနိုင်ငံ အထက်ပိုင်းကို ဝင်ရောက်လာမယ်၊ ထိုင်းက ပူပြင်းတဲ့ ရာသီဥတုနဲ့ ထိတွေ့ပြီး နွေရာသီမုန်တိုင်း ဖြစ်ပေါ်စေတယ်၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေပြင်းဟာလည်း ထိုင်းနိုင်ငံ အထက်ပိုင်းနဲ့ အရှေ့တောင်ဘက်မှာ အားကောင်းကောင်းနဲ့ တိုက်ခတ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ထိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပြီး အမြင့် ၁ မီတာထိ တက်နိုင်မယ်၊ မုန်တိုင်းဝင်တဲ့နေရာတွေမှာ ၂ မီတာထိ မြင့်နိုင်တယ်၊ ဒါကြောင့် လှေတွေ ကမ်းကမခွာသင့်ဘူးလို့ သတိပေးထားပါတယ်။
ဒီမနက် ၆ နာရီမှ မနက်ဖြန် မနက် ၆ နာရီအတွင်း မိုးသေဝသနဲ့ အပူချိန် ခန့်မှန်းချက်မှာ ထိုင်းမြောက်ပိုင်းမှာ ဒေသရဲ့ ၄၀ ရာခိုင်နှုန်း မိုးသက်လေပြင်း ကျနိုင်ဖွယ်ရှိတယ်၊ တချို့နေရာတွေမှာ မိုးသီးကြွေမယ်၊ အထူးသဖြင့် ချင်းရိုင်း၊ ဖယောင်း၊ လမ်းပန်း၊ နန့်၊ ဖရဲ့၊ ဥဒရာဒစ်၊ တာ့ခ်၊ ဗိစနုလုတ်နဲ့ ဖစ်ချ်ဘွန်းခရိုင်တွေ ဖြစ်တယ်၊ ပျမ်းမျှအပူအချိန် ၂၂ မှ ၃၉ ဒီဂရီစင်တီဂရိတ်၊ လေတိုက်နှုန်း ၁ နာရီ ၅ မှ ၁၅ ကီလိုမီတာထိ ရှိပါမယ်။
ထိုင်းအရှေ့မြောက်ပိုင်းမှာ ဒေသရဲ့ ၆၀ ရာခိုင်နှုန်း မိုးသက်လေပြင်း ကျနိုင်ဖွယ်ရှိတယ်၊ တချို့နေရာတွေမှာ မိုးသီးကြွေမယ်၊ အထူးသဖြင့် လွေး၊ ဥဒွန်းဌာနီ၊ ချိုင်းယဖုမ်း၊ ခွန်ကဲန်၊ မဟာဆရခမ်း၊ လွဲ့အစ်၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်၊ စူရင်း၊ ဆီစကစ် စတဲ့ခရိုင်တွေ ဖြစ်တယ်။ ပျမ်းမျှအပူအချိန် ၂၂ မှ ၃၇ ဒီဂရီစင်တီဂရိတ်၊ လေတိုက်နှုန်း ၁ နာရီ ၁၀ မှ ၂၀ ကီလိုမီတာထိ ရှိပါမယ်။
ထိုင်းအလယ်ပိုင်းမှာ ဒေသရဲ့ ၄၀ ရာခိုင်နှုန်း မိုးသက်လေပြင်း ကျနိုင်ဖွယ်ရှိတယ်၊ အထူးသဖြင့် ဥထိုင်းဌာနီ၊ ချိုင်းယနတ်၊ အန်ထောင်း၊ ဆင်းပူးရီး၊ အယုဒ္ဓယ၊ လုပ်ပူရီ၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ စတဲ့ခရိုင်တွေ ဖြစ်တယ်။ ပျမ်းမျှအပူအချိန် ၂၄ မှ ၄၀ ဒီဂရီစင်တီဂရိတ်၊ လေတိုက်နှုန်း ၁ နာရီ ၁၀ မှ ၂၀ ကီလိုမီတာထိ ရှိပါမယ်။
ထိုင်းအရှေ့ပိုင်းမှာ ဒေသရဲ့ ၄၀ ရာခိုင်နှုန်း မိုးရွာနိုင်ဖွယ်ရှိတယ်၊ တချို့နေရာ လေပြင်းတိုက်မယ်၊ အထူးသဖြင့် နခွန်းနာယုဒ်၊ ပရာကျင်းပူရီ၊ ဆလာကယောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး၊ ကျန်ထပူရီနဲ့ တရာတ် စတဲ့ခရိုင်တွေ ဖြစ်တယ်။ ပျမ်းမျှအပူအချိန် ၂၄ မှ ၃၇ ဒီဂရီစင်တီဂရိတ်၊ လေတိုက်နှုန်း ၁ နာရီ ၁၅ မှ ၃၀ ကီလိုမီတာထိရှိမယ်၊ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာထိ မြင့်တက်ပါမယ်။
ထိုင်းတောင်ပိုင်းဒေသရဲ့ ၂၀ ရာခိုင်နှုန်း မိုးရွာဖွယ်ရှိတယ်။ အထူးသဖြင့် ဖစ်ချ်ဘူရီ၊ ပရကျုပ်ခီရီခန်၊ နာရာသီဝပ်၊ ဖူးကက်၊ ကရပီ၊ တရန်း၊ ဆဒွန်း စတဲ့ခရိုင်တွေ ဖြစ်တယ်။ ပျမ်းမျှအပူအချိန် ၂၃ မှ ၃၆ ဒီဂရီစင်တီဂရိတ်၊ လေတိုက်နှုန်း ၁ နာရီ ၁၅ မှ ၃၀ ကီလိုမီတာထိ ရှိပါမယ်။ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာထိ မြင့်တက်ပါမယ်။
ဘန်ကောက်နဲ့ အနီးတဝိုက်ဒေသမှာ ရာသီဥတု ပူပြင်းမယ်၊ ဒေသရဲ့ ၃၀ ရာခိုင်နှုန်း လေပြင်းတိုက်ခတ်နိုင်တယ်၊ ပျမ်းမျှအပူချိန်မှာ ၂၆ မှ ၃၇ ဒီဂရီစင်တီဂရိတ်ထိ ရှိပြီး လေတိုက်နှုန်း ၁ နာရီ ၁၀ မှ ၂၀ ကီလိုမီတာထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဟန်ဒုံးနဲ့ မဲ့လိမ်းမြို့နယ်တွေမှာတော့ ဧပြီ ၆ ရက် ညနေပိုင်းက မိုးသက်လေပြင်းကျပြီး သစ်ပင်ကြီးတွေ လဲပြိုတာ၊ လူကူးတံတား ကျိုးကျတာတွေ ရှိခဲ့ပါတယ်။
Source : TNN Earth / Sanook