
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မတ် ၂၈ ရက်နေ့လယ်ပိုင်းက ငလျင်လှုပ်ခတ်မှုကြောင့် ချာ့တူချတ် ပန်းခြံအနီးက ဆောက်လက်စ၊ ထိုင်းအစိုးရ ငွေစာရင်းစစ်ချုပ်ရုံး၊ အထပ် ၃၀ အဆောက်အအုံ ပြိုကျ ပျက်စီးခဲ့ပြီး အလုပ်သမား ရာနဲ့ချီ ပိတ်ခဲ့ပါတယ်။
ကနဦးသတင်းတွေအရ ပျောက်ဆုံးသူ ၉၆ ယောက် ရှိကြောင်း ထိုင်းဘက်က စာရင်း ထုတ်ပြန်ခဲ့ပြီး၊ ဧပြီ ၅ ရက်မှာတော့ ပျောက်ဆုံးသူ ၁၀၃ ယောက် ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၅ ရက် မနက်ပိုင်းအထိ နောက်ဆုံး သိထားသလောက် သေဆုံးသူ ၁၅ ယောက်၊ ဆေးကုသမှု ခံယူနေသူ ၁၀ ယောက်၊ ကျန်ရှိသူ ၇၉ ယောက် ရှိတယ်လို့ သိရပါတယ်။
လက်ရှိ ကယ်ဆယ်ရေး ၈ ရက် မြောက်အထိ ထိုင်းနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေ ကယ်ဆယ်ရေးတွေကို ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ပျောက်ဆုံးနေသူတွေထဲ မြန်မာ ရွှေ့ပြောင်းလုပ်သား အယောက် ၃၀ ကျော် ပါဝင်တယ်လို့ သိရပြီး၊ ပျောက်ဆုံးသူတွေရဲ့ ဆွေမျိုး တော်စပ်သူတွေကို အမြန်ဆုံး တိုက်ပြိုကျရာနေရာဆီ လာရောက်ကာ အမှုဖွင့် စာရင်းပေးတိုင်ကြားဖို့ မြေပြင်ကို ရောက်နေတဲ့ WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက ပြောပါတယ်။
“မြန်မာလူမျိုး ပျောက်ဆုံးက ၃၀ ကျော်လို့ ကျနော်တို့ ကြားသိတယ်။ ဒါပေမဲ့ ဒီထဲမှာ အမှုဖွင့် တိုင်ကြားဖို့ရယ်၊ ကျနော်တို့ မြန်မာနိုင်ငံက ဆွေမျိုးရှိသူတွေ မဖြစ်မနေ လာပြီးတော့ တိုင်ကြား စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဆွေမျိုး တော်စပ်သူမှသာ တဝမ်းကွဲ အမျိုးထိ လူပျောက်စာရင်း တိုင်လို့ ရတယ်။ အမှုအမြန်ဆုံး လာဖွင့်ပါလို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။”
ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အထောက်အထားရှိ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တယောက်ကို ထိုင်းဘတ်ငွေ ၁၇ သိန်းစီ ပေးသွားမယ်လို့ ဧပြီ ၂ ရက်မှာ ထုတ်ပြန်ထားပြီး၊ အထောက်အထားမဲ့ အလုပ်သမားတွေအတွက်လည်း ထိုင်းအစိုးရက သေချာ စိစစ်ပြီး ပေးအပ်သွားမယ်လို့ သိရပါတယ်။
ဇွဲသစ်