
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ ဧပြီ ၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီရေတပ်က ရေလုပ်သား ၂၃ ယောက်ကို ငါဖမ်းစက်လှေ ၃ စီးနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်တောမြို့နယ်၊ မြေငူကျွန်းနားက ပင်လယ်ပြင်မှာ ဧပြီ ၅ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီရေတပ်က မြောက်ဦးမြို့ဘက်မှာ ငါးရောင်းပြီးပြန်လာတဲ့ ငါးဖမ်းစက်လှေ ၃ စင်းနဲ့ ရေလုပ်သား ၂၃ ယောက်ကို ဖမ်းဆီးခဲ့တာလို့ ဆင်တက်မော်ကျေးရွာ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ပေါက်တောမြို့နယ်၊ ဆင်တက်မော်(တောတန်း)ရွာက ဦးမောင်ညွှန့်၊ ဦးမင်းသန့်ဦး၊ ဦးဦးမောင်ညွန့်၊ ဦးရှည့်ချေ၊ ဦးကျော်သန်း၊ ဆင်တက်မော်(မွတ်ဆလင်)ရွာက နူမာ၊ မညင်း၊ ဆော်မီ၊ မောင်၊ ဘိုချေရာမောက်၊ ရော်ဖီ၊ လှချေ၊ မာရ်မောက်၊ အာဒူခလိုင်၊ မာမောက်ရော်ရှိန်း၊ အာဒီဒူ၊ ဆော်ရီ၊ ဒေါ်လာ၊ ဟိုက်ဒူလာမီ၊ အယ်ဘာဒူ၊ အာအိုဖိုက်၊ အီဒီတီနဲ့ အန်ကမ်လာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီငါးဖမ်းစက်လှေ ၃ စီးကို မြေငူကျွန်းနားက ကုလားသိမ်ရွာ တောင်ဘက်ခြမ်းမှာ ကျောက်ချထားတဲ့ စစ်ကောင်စီရဲ့ နေဗီက ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေနဲ့ စက်လှေ ၃ စီးကို ကျောက်ဖြူဘက် ခေါ်သွားကြတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာလည်း မတ် ၁၉ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ လူငယ်တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။