
မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ဧပြီ ၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတယောက် ဒဏ်ရာရရှိကာ နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ညောင်ပင်ကျေးရွာကို ဧပြီ ၅ ရက်နေ့ ည ၁၂ နာရီကျော်လောက်မှာ အောင်သာရွာ ပျူစောထီးစခန်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ၈၀-မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြစ်ခြေ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ညောင်ပင်ရွာက အမျိုးသမီးတယောက် ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီး အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ် ၁၅ လုံးထက်မနည်း မီးလောင်ကျွမ်းခဲ့ကာ ရွာသားတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ ဧပြီ ၆ ရက် မနက် ၂ နာရီကျော်လောက်မှာ မီးငြိမ်းခဲ့တယ်လို့ ပြောပါတယ်။
အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ် ၁၁၀,၀၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခု ဖြစ်တဲ့ Data For Myanmar က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။