
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ပင်တားဆီး စစ်ဆေးမှုကြောင့် ငလျင်ဘေးသင့်ဒေသတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေး သွားလာရာမှာ လမ်းခရီး အချိန်ကြန့်ကြာနှောင့်နှေးနေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီက လုံခြုံရေး အကြောင်းပြကာ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းကို ဖြတ်သန်းခွင့် ပိတ်ထားတာ ၂ နှစ်နီးပါးရှိနေပြီး ခုအချိန်ဟာ ငလျင်ဘေးကြောင့် အရေးပေါ်အကူအညီတွေ လုပ်ဆောင်နေရတဲ့ အချိန်ဖြစ်ပေမဲ့ လမ်းပိုင်းကို ဆက်လက်ကန့်သတ်ထားတာ ဖြစ်ပါတယ်။
ရန်ကုန်က ကူညီကယ်ဆယ်ရေးအဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “အရေးပေါ်ရှာဖွေ ကူညီကယ်ဆယ်ရေး လုပ်နေချိန်မှာတော့ စစ်ကောင်စီဘက်က လမ်းပိုင်းကို အချိန်ပြည့် အသုံးပြုခွင့်ပေးသင့်ပါတယ်။ အရေးပေါ်ကိစ္စတွေ ရှိနေတာ။ အခု အစစ်အဆေးတင်းကျပ်နေတဲ့ အပြင် အရင်အတိုင်း ကန့်သတ်ထားဆဲပဲ”လို့ ပြောပါတယ်။
ငလျင်ဘေးဒဏ်သင့် ဒေသတွေကို သွားရောက်တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးကာ ကူညီကယ်ဆယ်ရေးအတွက် ခိုင်လုံတဲ့ အချက်အလက်တွေ လိုအပ်တယ်လို့ ပြောဆိုကာ ခြိမ်းခြောက်တာကြောင့် နောက်ပြန်လှည့်ရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းက ပရဟိတအဖွဲ့ဝင် တယောက်က “ဒီအချိန်လေးတော့ အထိုက်အလျောက် ဖြေလျှော့ပေးသင့်တာပေါ့။ ဒါမှ ထိထိရောက်ရောက် ကူညီဆောင်ရွက်နိုင်မှာလေ။ သူတို့က ပိုမိုတောင် တင်းကျပ်နေတော့ ဘာမှလုပ်မရဘူး။ ခေတ်မကောင်းတာ သိတယ်။ ပျော်လို့ သွားလာနေတာ မဟုတ်ဘူး”လို့ ပြောပါတယ်။
မတ်လ ၂၈ ရက် လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ သေဆုံးသူ ၄၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။