
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဧပြီ ၄ ရက် နေ့လယ်က အာရက္ခတပ်တော် (AA) နဲ့ ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ ARSA အဖွဲ့ဝင်တယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မောင်တောမြို့နယ်၊ လဘာဝကျေးရွာ အနောက်မြောက်ဘက် မီတာ ၁၂၀၀ လောက်အကွာမှာ ဧပြီ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်လောက်က AA နဲ့ ARSA အဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ AA နဲ့ နီးစပ်သူတယောက်က DVB ကိုပြောပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ ARSA အဖွဲ့ဝင်တယောက် သေဆုံးကာ ၂ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
အဲဒီ ARSA အဖွဲ့ဝင်တွေဆီကနေ စစ်ကောင်စီရဲ့ ကပစ စက်ရုံထုတ် G3 သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။
မောင်တောမြို့နယ်မှာ မတ် ၂၉ရက်နေ့ကလည်း မွတ်ဆလင် လက်နက်ကိုင်တပ် (ARSA) အဖွဲ့က သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။