
စစ်ကိုင်းမြို့နယ်အတွင်းက NUG ထိန်းချုပ်နယ်မြေမှာ ငလျင်ဘေးကြောင့် ၄၇ ယောက်သေဆုံးပြီး လူ ၂၅,၀၀၀ ကျော်ငလျင်ဒဏ်သင့်ခဲ့သလို နိုင်ငံတော်အမွေအနှစ် ၃၈၇ ခုပျက်စီးပြီး အိမ်ပေါင်း ၁,၈၀၀ လောက် ပျက်စီးပြိုကျခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါဟာ ဧပြီ ၂ ရက်အထိ ရွာပေါင်း ၄၉ ရွာက ကောက်ခံရတဲ့စာရင်းဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်ကိုင်းမြို့ပေါ် ရပ်ကွက် ၁၈ ခုမှာတော့ သေဆုံးသူ ၆၁၁ ယောက်၊ ထိခိုက်ဒဏ်ရာရသူ အယောက် ၅၀၀ နဲ့ အဆောက်အဦ ၃၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ငလျင်ဘေးသင့် စစ်ကိုင်းမြို့နယ်ထဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် သွားရောက်အားပေးနှစ်သိမ့်ခဲ့ပြီး စစ်ကောင်စီထိန်းချုပ်နယ်မြေထဲက ပြည်သူတွေကိုလည်း ကူညီပေးနေတယ်လို့ NUG က ထုတ်ပြန်ပါတယ်။
အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းဟာ ဧပြီ ၃ ရက်က စစ်ကိုင်းမြို့နယ်ကိုသွားရောက်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုလဲသွားတဲ့ နေအိမ်အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ သာသနိက အဆောက်အဦတွေနဲ့ လမ်းတံတားတွေကို လိုက်လံကြည့်ရှုပြီးနောက် ငလျင်ဘေး ဒဏ်သင့် ပြည်သူတွေနဲ့ တွေ့ဆုံပြီး လိုအပ်ချက်တွေကို မေးမြန်းဆွေးနွေး အားပေးနှစ်သိမ့်ခဲ့တယ်လို့ ဆိုပါတယ်။
ငလျင်ဘေးဒဏ်သင့် ရပ်ရွာပြည်သူတချို့ရဲ့ ပြောပြချက်အရ လတ်တလောမှာ သောက်သုံးရေ၊ ယာယီနေထိုင်စရာ အရေးတကြီးလိုအပ်နေပြီး အခြေခံစားသောက်ကုန်တွေနဲ့ စက်သုံးဆီဝယ်ဖို့ ခက်ခဲနေသလို ဆေးဝါးလည်း မလုံလောက်ဘူးလို့ သိရကြောင်း ဆိုပါတယ်။
အတွင်းဝန်ဟာ ငလျင်ဘေးဒဏ်သင့်ဆေးဝါးကုသမှုခံနေရတဲ့ ပြည်သူတချို့နဲ့ ဆရာတော်တပါးကို တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးခဲ့သလို ပျက်စီးသွားတဲ့ လမ်းမကြီးပြင်ဆင်နေတာကိုလည်း သွားရောက်ကြည့်ရှုခဲ့ပြီး အခု ပြင်ဆင်နေတာ ၆၀ ရာခိုင်နှုန်းကျော်ပြီးသွားပြီ လို့ ထုတ်ပြန်ထားပါတယ်။
ညပိုင်းမှာတော့ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတချို့နဲ့ အစည်းအဝေးလုပ်ခဲ့ကြောင်း၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ ငလျင်လှုပ်ခတ်ပြီး ၂၄ နာရီအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့သလို လုပ်ငန်းကော်မတီတခုဖွဲ့ထားပြီး မြေပြင်နှစ်ဖွဲ့ခွဲကွင်းဆင်းကူညီနေကြောင်း၊ ပြည်သူလူထုဆီက အလှူငွေ သိန်းပေါင်း ၁,၇၀၀ ကျော်ရရှိထားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စိုးမိုးနယ်မြေအတွင်း သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူတွေ၊ ပျက်စီးဆုံးရှုံးသွားသူတွေကို ကူညီထောက်ပံ့နေသလို စစ်ကောင်စီထိန်းချုပ်နယ်မြေက ငလျင်ဘေးဒဏ်သင့်သူတွေကိုလည်း တတ်အားသရွေ့ ကူညီပေးတာ၊ သောက်သုံးရေရအောင် ကြိုးပမ်းတာ၊ ဆေးဝါးကုသပေးတာတွေလုပ်နေသလို ငလျင်ဘေးဒဏ်သင့် မှတ်တမ်းမှတ်ရာတွေကိုလည်း စာရင်းပြုလုပ်နေတယ်လို့ ဆိုပါတယ်။