
တောင်ကိုရီးယားအာဏာပိုင်တွေဟာ ဧပြီ ၂ ရက်က ဂန်းနွန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတစီးပေါ်မှာ သံသယဖြစ်ဖွယ် ကိုကင်း ၂ တန်လောက်ကို တွေ့ရှိခဲ့ကြောင်း အကောက်ခွန်ဌာနက ပြောကြားခဲ့ပြီး ဒါဟာ နိုင်ငံ့သမိုင်းမှာ မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှု အများဆုံး ပမာဏ ဖြစ်ပုံပေါ်တယ်လို့ ဆိုပါတယ်။
ကိုရီးယားကမ်းရိုးတန်းစောင့်တပ် အရှေ့ပိုင်းနယ်မြေမှ ဧပြီ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ သင်္ဘောပေါ်ရှိ အခန်းတခုထဲမှာ ပလပ်စတစ်နဲ့ ရစ်ပတ်ထုပ်ပိုးထားတဲ့ အထုပ်တွေကို ပြသထားပါတယ်။
အရာရှိတွေဟာ အထုပ်တွေမှ နမူနာတွေကို ယူဆောင်စမ်းသပ်မှုတွေလုပ်ပြီး ကိုကင်းလို့ သံသယရှိကြောင်း ပြောကာ သင်္ဘောပေါ်မှ အိတ်တွေကို စောင့်ဆိုင်းနေတဲ့ ထရပ်ကားပေါ်ကို တင်ဆောင်ကြပါတယ်။
ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းရှိ ဂန်းနွန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောပေါ်မှာ သံသယဖြစ်ဖွယ် မူးယစ်ဆေးသေတ္တာ ၅၇ ဘူးကို ကိုရီးယား အကောက်ခွန်ဌာနနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း အကောက်ခွန်ဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးနဲ့ အမိမြေလုံခြုံရေး စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ အချက်အလက်တွေ ရရှိပြီးနောက် သင်္ဘောကို ရှာဖွေခဲ့ကြကြောင်း တောင်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။
သင်္ဘောဟာ မက္ကဆီကိုနိုင်ငံမှာ ခရီးစဉ်ကို စတင်ခဲ့ပြီး အီကွေဒေါ၊ ပနားမားနဲ့ တရုတ်နိုင်ငံတို့ကို ဖြတ်သန်းသွားခဲ့ကာ တောင်ကိုရီးယားနိုင်ငံ ဂန်းနွန်ဆိပ်ကမ်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
Source: Reuters