
မြန်မာငလျင်ဘေးအတွက် ကယ်ဆယ်ရေးသမား ၈၂ ယောက်ကို မတ် ၂၉ ရက်မှာ တရုတ်နိုင်ငံကနေ စေလွှတ်ခဲ့ပြီး ငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို မြန်မာစစ်ခေါင်းဆောင်ထံ ပေးပို့ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
အဲဒီ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ မြန်မာနိုင်ငံရဲ့ ငလျင် ဒဏ်ထိခိုက်ခံစားနေရတဲ့ နေရာတွေကို ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်မယ်လို့လည်း ပါဝင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံကလည်း နိုင်ငံတကာအဖွဲ့တွေကနေ ကနဦး ကူညီမှုအဖြစ် လူသားချင်းစာနာမှုအတွက် ဒေါ်လာ ၂ သန်း အကူအညီ ပေးသွားမယ်လို့ နိုင်ငံခြား ရေးဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်ထားပါတယ်။
မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကလည်း ကယ်ဆယ်ရေးသမားတွေ စေလွှတ်ဖို့နဲ့ အကူအညီပေးဖို့ ကမ်းလှမ်းထားပါတယ်။
မလေးရှားနိုင်ငံက သဘာဝဘေးအန္တရာယ်စီမံမှုအေဂျင်စီက လူ ၁၀ ဦးပေးပို့ထားသလို စနေနေ့မှာ လူ ၄၀ ထပ်ပြီး ပေးပို့မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အင်ဒိုနီးရှားသမ္မတကလည်း မြန်မာနဲ့ ထိုင်းနိုင်ငံ ငလျင်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အကူအညီပေးဖို့ ကမ်းလှမ်းထားပါတယ်။
ပြင်းထန်တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်း အရှေ့ပိုင်း၊ နေပြည်တော်တို့ အရေးပေါ်ကယ်ဆယ်ရေးတွေ လိုအပ်နေပြီး လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ ပါတယ်။ မတ် ၂၈ ရက် လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကို ချင်းမိုင်၊ ဟိုချီမင်း၊ ဘန်ကောက်မြို့ တို့မှာလည်း ခံစားခဲ့ရပါတယ်။