
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က အီရန်ဟာ ဟူသီသူပုန်တွေဆီ စစ်ရေးအထောက်အပံ့တွေ ပေးပို့တာကို ချက်ချင်းရပ်တန့်ရမှာဖြစ်ပြီး ယီမင်အုပ်စုကိုလည်း သူတို့ကိုယ်တိုင် တိုက်ထုတ်ခွင့်ပြုကြောင်း မတ် ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထရုသ် ဆိုရှယ်မီဒီယာ ပို့စ်တခုမှာ ထရမ့်ပ်က “အီရန်ဟာ ဟူသီသူပုန်တွေကို စစ်လက်နက်ပစ္စည်းတွေနဲ့ အထွေထွေ ထောက်ပံ့မှုတွေက လျော့ပါးသွားပေမဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အများအပြား ပေးပို့နေဆဲ ဖြစ်တယ်လို့ အစီရင်ခံစာတွေ တက်လာနေတုန်းပဲ။ အီရန်က အဲဒီထောက်ပံ့နေမှုတွေကို ချက်ချင်းရပ်တန့်ပြီး ကိုယ်တိုင် တိုက်ထုတ်လိုက်ရင် သူတို့ ဘယ်လိုပဲဖြစ်ဖြစ် ရှုံးမှာပေမဲ့ ဒီနည်းနဲ့ဆို မြန်မြန်ရှုံးလိမ့်မယ်” လို့ ပြောပါတယ်။
ဟူသီတွေအပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ တဖြည်းဖြည်း ပိုပြင်းထန်လာမှာဖြစ်ပြီးတော့ "သူတို့ လုံး၀ ပျက်စီးသွားလိမ့်မယ်” လို့လည်း ထရမ့်ပ် က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ပင်လယ်နီမှာ သင်္ဘောတွေအား ဟူသီတွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့တော် ဆာနားရှိ ပစ်မှတ်တွေကို ထိမှန်ခဲ့ကြောင်း ဟူသီရဲ့ ရုပ်သံဌာနက မတ် ၁၉ ရက်မှာ ပြောပါတယ်။
တိုက်ခိုက်မှုတွေဟာ မြို့တော် ဆာနားရဲ့ လေဆိပ်နဲ့ နီးတဲ့ အလ်-ဂျာရာ့ဖှ် ခရိုင်ကို ထိမှန်ခဲ့ကြောင်း ဒေသခံတွေက ရိုက်တာစ်ကို ပြောကြားခဲ့ပါတယ်။
Source : Reuters