
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲက ဧရာဝတီမြစ်ဘေးမှာရှိတဲ့ စင်းခန်းကျေးရွာနဲ့ ဗန်းမော် နမ့်ဖားတက္ကလိုလ် အထက်က ခူးလီကျေးရွာတွေကို စစ်ကောင်စီလေတပ်က မတ် ၁၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗန်းမော်မြို့ခံတွေဆီက သိရပါတယ်။
ခူးလီကျေးရွာကို မတ် ၁၇ ရက် ညနေ ၅ နာရီမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စင်းခန်းကျေးရွာကိုတော့ ည ၇ နာရီမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၅ ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ခူးလီဘက်မှာ အရင်လာကြဲသွားတာတဲ့၊ အဲဘက်တော့ ၅ နာရီလောက်မှာတဲ့၊ ဒီ စင်းခန်းဘက်တော့ ၇ နာရီလောက်မှာ လာကြဲသွားတယ်။ မနေ့ည လာကြဲသွားတဲ့ အသံတော့ ကြားလိုက်ရတယ်။ နည်းနည်းအလှမ်းဝေးတော့ အတိအကျ မသိရဘူး။ တဆင့်ဆင့် လိုက်မေးမှ စင်းခန်းရဲစခန်းပတ်ဝန်းကျင်မှာ ကျတယ်ဆိုတာ သိရတယ်။ အဲဒီ စင်းခန်းရဲစခန်းရှေ့ ဆိုင်က အမျိုးသမီးကော ဆုံးသွားတယ်၊ ကျန်တဲ့သူတွေလည်း သေသွားတဲ့သူတွေရှိတယ်။”
စင်းခန်းကျေးရွာက လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအများအပြားလည်း ထိခိုက်သေဆုံးမှုရှိသလို ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဝန်ထမ်းတွေလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
ခူးလီကျေးရွာ လေကြာင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ DVB က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ခူးလီကျေးရွာနားက စစ်ကောင်စီရဲ့ စကခ ၂၁ ကာကင်းအနေနဲ့ တပ်မ ၈၈ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြား နေရာယူထားတဲ့ နမ့်ဖားတက္ကလိုလ်ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က ပြေပြင်တိုက်ပွဲမရှိပေမဲ့ လေကြောင်းတိုက်ခိုက်မှု ပုံမှန်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်က ဗန်းမော်မြို့က စကခ ၂၁ နဲ့ မြို့ပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေကို မြေပြင်တိုက်ခိုက်မှု ခဏရပ်နားထားပေမဲ့လည်း စစ်ကောင်စီဘက်ကတော့ ဂျက်တိုက်လေယာဉ်၊ အသေးစား သယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
ဖေဖော်ဝါရီလလယ်ကလည်း ခူးလီနဲ့ စင်းခန်းကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။