
နိုင်ငံတကာရေကြောင်းပို့ဆောင်မှုအပေါ် ဟူသီအဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ စနေနေ့က လေကြောင်းတိုက်ခိုက်မှုတခု ပြုလုပ်ခဲ့ရာ ယီမင်မှာ အခုချိန်ထိ ဟူသီစစ်တပ်က ဒါဇင်နဲ့ချီ အသေအပျောက်တွေ ရှိနေတုန်းပဲလို့ ပင်တဂွန်က မတ် ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ယီမင် ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုမှန်သမျှကို အီရန်က တာဝန်ယူရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး ဒါဟာ ထရမ့်ပ် အိမ်ဖြူတော်ကို ပြန်ရောက်ကတည်းက သူ့ရဲ့အစိုးရအဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ အကြီးမားဆုံး အမေရိကန် စစ်ရေးစစ်ဆင်ရေးကို တိုးချဲ့လိုက်တာလည်း ဖြစ်ပါတယ်။
တနင်္လာနေ့က ပင်လယ်နီဆိပ်ကမ်းမြို့ ဟိုဒေးဒါနဲ့ မြို့တော် ဆာနား မြောက်ဘက်ရှိ အယ်လ်-ဂျော့ဖ် အုပ်ချုပ်ရေးနယ်မြေတို့ ပစ်မှတ်ထားခံရတယ်လို့ ဟူသီအုပ်စုရဲ့ အယ်လ်မာစီရာရုပ်သံက ပြောပါတယ်။
ပင်တဂွန်အကြီးအကဲ ပြောရေးဆိုခွင့်ရှိသူ ရှောင်န်ပါနဲလ်က “ဒါဟာ အဆုံးမဲ့ ထိုးစစ်တခုလည်း မဟုတ်သလို အရှေ့အလယ်ပိုင်းမှာ အစိုးရ အပြောင်းအလဲနဲ့ ပတ်သက်တာလည်း မဟုတ်ဘူး။ ဒါဟာ အမေရိကန် အကျိုးစီးပွားကို ပထမ ဦးစားပေးထားတာပဲ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒေသတွင်းမှာရှိတဲ့ အမေရိကန် စစ်ဘက်ဝန်ထမ်းတွေကို ပစ်ခတ်တာ၊ သင်္ဘောတွေကို ပစ်ခတ်တာ၊ ဒရုန်းတွေကို ပစ်ချတာ၊ အမေရိကန်တွေရဲ့ အသက်အန္တရာယ်ကို ကျရောက်စေတာက ဒီပဋိပက္ခကို အဆုံးသတ်ဖို့ နည်းလမ်းကောင်းတော့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဟူသီတွေက “မင်းတို့လူတွေကို ငါတို့ ပစ်ခတ်နေတာကို ရပ်လိုက်မယ်” လို့ ပြောရင် မနက်ဖြန် ဒါကို ရပ်တန့်နိုင်ပေမဲ့ အဲဒီလိုလုပ်မှာမဟုတ်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ရွေးချယ်ထားတယ်လို့လည်း ဆိုပါတယ်။
ရှောင်န်ပါနဲလ်က “ဒါကြောင့် ဒီကမ်ပိန်းဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး ဒေသတွင်းမှာ သင်္ဘောလမ်းတွေဖွင့်ဖို့နဲ့ ကျနော်တို့ရဲ့ အမိမြေကို ကာကွယ်ဖို့ မဆုတ်မနစ် လုပ်ဆောင်သွားမှာပါ” လို့ ပြောကြားပါတယ်။
ဆော်ဒီ ဦးဆောင်တဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ဆယ်စုနှစ်တခုနီးပါး ရှိနေပေမဲ့ ယီမင်ရဲ့ လူဦးရေအများဆုံး အစိတ်အပိုင်းတွေကို သိမ်းပိုက်ထားတဲ့ လက်နက်ကိုင်လှုပ်ရှားမှုဖြစ်တဲ့ ဟူသီအဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ထိုးစစ်ဆင်နေချိန်မှာ ပါလက်စတိုင်းတို့နဲ့ စည်းလုံးညီညွတ်စွာရှိကြောင်း ပြသတဲ့ တိုက်ခိုက်မှုလို့ ဆိုပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက ကမ်းလွန်ပင်လယ်ပြင်မှာ သင်္ဘောတွေကို တိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အနှောင့်အယှက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကုမ္ပဏီတွေဟာ သင်္ဘောတွေကို ခရီးလမ်း ပိုရှည်လျားပြီး ကုန်ကျစရိတ်ပိုများတဲ့ အာဖရိကတောင်ပိုင်းတဝိုက်က ခရီးလမ်းကြောင်းတွေကို ပြန်ပြောင်းခိုင်းခဲ့ရပါတယ်။
အမေရိကန်နဲ့ သူ့မဟာမိတ်တွေဟာ ဟူသီတွေကို ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
Source : Reuters