
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်က ကျေးရွာတွေမှာ မတ် ၁၀ ရက် ညနေက စတင်ပြီး စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၇၀ ၀န်းကျင်ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငပုတောမြို့နယ်က ကျွေချိုင်၊ နံ့သာပု၊ သစ်ရောင်း၊ သဲဖြူ စတဲ့ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံတယောက်က ပြောပါတယ်။
“အရေးပေါ် သတင်းရတာကြောင့်ဆိုပြီး စစ်ကြောင်းထိုးနေတာလို့ သိရတယ်။ လက်ရှိတော့ ဒေသခံတွေတချို့က စစ်ကောင်စီတပ်ကို ကြောက်ပြီး မနေရဲလို့ ဟိုင်းကြီးကျွန်းဘက် ရှောင်ပြေးနေကြတယ်။”
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့ ကျေးရွာတွေနဲ့ တဆက်တည်း ရခိုင်ပြည်နယ်ဘက် သွားတဲ့ ငရုတ်ကောင်း ဂေါ်ရင်ဂျီကမ်းခြေ ပတ်လမ်းပေါ်မှာလည်း တပ်က စခန်းချ နေရာယူထားပြီး စစ်ဆေးတင်းကျပ်နေတယ်လို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသမီးတယောက်က “ကြောက်တာက တခြားမဟုတ်ဘူး၊ အစစ်အဆေး ကြမ်းနေတာလေ။ အမျိုးသားတွေဆို ဖမ်းခေါ်နေတာ။ ဘာလို့ စစ်ကြောင်းထိုးနေတာလဲ မပြောတတ်ပေမဲ့ အခြေအနေ မကောင်းဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့ဘက်ကနေ မတ် ၁၁ ရက် ည ၉ နာရီဝန်းကျင်က လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေပါ ကြားနေရတာကြောင့် ဒေသခံတွေအနေနဲ့ ပုံမှန်လုပ်နေကြ လယ်ယာလုပ်ငန်းတွေပါ သွားမလုပ်ရဲကြဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဂွနဲ့ ငရုတ်ကောင်း ဆက်သွယ်ထားတဲ့ မကျီးဇင်တံတားအနီးမှာ စစ်ကောင်စီတပ်က စခန်းချ ခံစစ်ပြင်ဆင်ထားပြီး ပစ်ခတ်တာတွေပါ လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။