
မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ကျေးရွာ ၁၀ ရွာကျော်လောက်က ဒေသခံပြည်သူ ၅၀၀၀ ထက်မနည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းတိုက်နယ်အတွင်းကို မတ် ၇ ရက်နေ့ မနက်ပိုင်းကစပြီး စလင်းအခြေစိုက် ခမရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုး မွှေနှောက်နေတာလို့ စလင်းမြို့နယ် ဒေသခံတယောက်က DVB ကိုပြောပါတယ်။
ဆင်ဖြူကျွန်းတိုက်နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ သတင်းကြားတဲ့အတွက် ချောင်းဖြူ၊ သရက်ချဉ်၊ စည်ဆွဲ၊ ကံဆွယ်၊ မကျည်းစင် စတဲ့ ကျေးရွာတွေအပါဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်လောက်က ဒေသခံပြည်သူ ၅၀၀၀ ထက်မနည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေနဲ့ ဆွေမျိုးတွေရှိတဲ့ ဘေးကင်းမယ်ထင်တဲ့ ကျေးရွာတွေမှာ ခိုလှုံနေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးတွေ အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့ ပြောပါတယ်။
ဆင်ဖြူကျွန်းတိုက်နယ်ထဲကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေလို့ အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် ခရီးသွားပြည်သူတွေ ထိခိုက်မှုမရှိအောင် စလင်း-တညောင်ကားလမ်းကို ယာယီပိတ်ထားတယ်လို့ စလင်းမြို့နယ် ပကဖက မတ် ၇ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။