
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ မတ် ၁၀ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဖခင်နဲ့ သမီးဖြစ်သူတို့ ကျည်အစစင်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မနိုးရုံးကျေးရွာအုပ်စု၊ ခဲချောင်းကျေးရွာမှာ လေကြောင်းနဲ့ ဗုံးသီး ၂ လုံး လာကြဲသွားပြီး နေအိမ်တွေအနီး ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ပေါ်ရှိ ဖခင်နဲ့သမီးဖြစ်သူတို့ ကျည်စထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
ရွာခံအမျိုးသမီးတယောက်က “ရွာရဲ့ ကျေးလက်ဆေးပေးခန်း အနောက်ဘက်ကို တလုံးလာကျတော့ ဘေးနားမှာ အိမ်တွေကို ကျည်စင်သွားတယ်။ လေယာဥ်အသံကြားတော့ ရွာသားတွေ ထွက်ကြည့်ကြတဲ့အချိန်မှာ ကြဲချလိုက်တာပါ” လို့ ပြောပါတယ်။
တိုက်ပွဲမရှိဘဲ ဗုံးလာကြဲသွားတာဖြစ်ပြီး အသက် ၄၀ ကျော်အရွယ် ဖခင်ဖြစ်သူမှာတော့ ဒဏ်ရာအနည်းငယ်ရရှိကာ အသက် ၇ နှစ်အရွယ် မိန်းကလေးရဲ့ ခြေထောက်မှာ ကျည်စထိမှန်တာကြောင့် ဒဏ်ရာတော့ ပြင်းထန်တယ်လို့ ဆိုပါတယ်။
“ခြေထောက်နှစ်ဖက်လုံး လာစင်ပြီး ချုပ်လိုက်ရတယ်။ အိမ်အနောက်ဘက်မှာ ကျည်လာစင်တာလောက်ပဲ။ အိမ်မှာနေရင်း ထိတာပါ။”
ဗုံးသီးနောက်တလုံးက ကျေးရွာထဲရှိ စျေးဆိုင်နေအိမ်အနီး ကျရောက်ပေါက်ကွဲပြီး လူထိခိုက်တာမရှိခဲ့ဘဲ ရွာသားတွေတော့ ကြောက်လန့်ပြီး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
အဆိုပါ ခဲချောင်းကျေးရွာဟာ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ပြည်ထောင်စု ကားလမ်းပေါ်မှာ ရှိပါတယ်။ ပြည်ထောင်စုကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေတာ ၃ လကျော်ပြီလို့ သိရပါတယ်။