
ပဲခူးတိုင်း၊ ဖြူးမြို့နယ်က အောက်ခုံကျေးရွာ၊ ရေဦးကျေးရွာနဲ့ တာကြိုးကျေးရွာကို စစ်ကောင်စီတပ်က မတ် ၉ ရက် ဒီမနက်အစောပိုင်း ၁၂ နာရီကျော်လောက်မှာ လေယာဉ်နဲ့ဗုံးကြဲပြီး ဇရပ်ကြီးကျေးရွာကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၇ ရက်နေ့တည်းက ဖြူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး ကျေးရွာအတွင်းမှာတော့ မပြေးနိုင်တဲ့ သတ်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပိတ်မိနေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “မတ် ၇ ရက်နေ့ကတည်းက စစ်ကောင်စီက အဝေးကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီး ရွာတွေကို စီးနင်းဝင်ရောက်လာတာကြောင့် အောက်ခုံကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာ ၆ ရွာက ဒေသခံပြည်သူ ၇၀၀၀ လောက်ဟာ ညတွင်းချင်း ထွက်ပြေးနိုင်ခဲ့ပေမယ့် ထွက်မပြေးနိုင်တဲ့သူတွေ ရွာထဲမှာ ပိတ်မိတာတွေရှိနေတယ်” လို့ DVB ကို ပြောပါတယ်။
မတ် ၉ ရက် မနက်အစောပိုင်း ၁၂ နာရီကျော်မှာ လက်နက်ကြီးနဲ့ ဇရပ်ကြီးရွာဘက်က ပစ်နေသလို လေယာဉ်နဲ့ပါ ဗုံးကြဲချနေတာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
မတ် ၇ ရက်နေ့ ညနေပိုင်းကစပြီး စစ်ကောင်စီတပ်တွေက ဖြူးမြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အောက်ခုံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ပြီး ဒေသခံ ၂ ယောက်လည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေဆီက သိရပါတယ်။