
ဩဝါဒပေးရတာ ဝါသနာပါတဲ့သူတွေထဲ ပြည်မကြီး တရုတ်တွေလည်း ထိပ်ဆုံးကပါတယ်လို့ မိတ်ဆွေတဦးက မှတ်ချက်ပေးခဲ့ဖူးတယ်။
အရည်ခပ်ကျဲကျဲ ဒီမိုကရေစီရဲ့အရသာကို ခဏတဖြုတ် ဖူးမြော်ခံစားခွင့်ရခဲ့တဲ့ NLD အစိုးရကာလ၊ တရုတ်သက်ဆိုင်ရာအဖွဲ့တွေရဲ့ ဖိတ်ကြားချက်အရ မီဒီယာခရီးစဉ် သွားရောက်ခွင့်ရခဲ့တုန်းက မနက်ခင်း ပေကျင်းမြို့တွင်း လမ်းဘေးတချို့ပေါ် တန်းစီးရပ်နေတဲ့ လူနည်းနည်းရှေ့ လူတယောက်က စကားပြောနေတာ မကြာခဏ မြင်ခဲ့ရ။ ခရီးစဉ်တိုင်းလိုလို မကြာခဏ မြင်ခဲ့ရတာကြောင့် အတူပါလာတဲ့ မြန်မာစကားပြန်ကို အဲဒါ ဘာလဲလို့ မေးကြည့်မိ။ လုပ်ငန်းခွင်မဝင်မီ တာဝန်ရှိသူက လက်အောက်ဝန်ထမ်းတွေကို အမှာစကား ပြောကြားနေတာလို့ ဆိုတယ်။ စပ်စုတတ်တဲ့ ကျနော်က မနက်ခင်းတိုင်း အမှာစကား ပြောကြားတာပဲလားလို့ ထပ်မေးကြည့်တော့ လုပ်ငန်းခွင်လိုအပ်ချက်အရ မကြာခဏ ပြောတတ်ကြတယ်လို့ ဆိုရဲ့။
စကားပြန်က အဲဒီလိုပြန်ဖြေတော့ မနက်ခင်းတိုင်း ဩဝါဒခြွေရတာ ဝါသနာပါတဲ့ ကျနော်တို့ ရန်ကုန်က အငြိမ်းစား ဗိုလ်မှူးတယောက်ကို ချက်ချင်း သတိရမိတယ်။ အဲဒီဗိုလ်မှူးက ၁၉၉၀ ပြည့်နှစ်လွန်ကာလ ဆေးပင်စင်ယူပြီးနောက် တောင်ဥက္ကလာမှာ လက်ဖက်ရည်ဆိုင် ဖွင့်တယ်။ ဆိုင်နေရာလေးက ကောင်းတော့ ကျနော်တို့ ငယ်သူငယ်ချင်းတသိုက် ပုံမှန်ထိုင်နေကျဆိုင် ဖြစ်လာကာ ဆိုင်စားပွဲထိုးတွေနဲ့ပါ ရင်းနှီးသွားတယ်။
“တနေကုန် အလုပ်လုပ်ရတာ မပင်ပန်းဘူး။ မနက်အစောကြီးထပြီး သတိဆွဲရပ်ပြီး မိန့်ခွန်းနားထောင်ရတာ ပင်ပန်းတာ” လို့ ကျနော်တို့နဲ့ ခင်မင်နေတဲ့ စားပွဲထိုးလေးတဦးက ဆိုတယ်။ နားမလည်လို့ သေချာမေးကြည့်တော့ ဆိုင်ပိုင်ရှင် အငြိမ်းစားဗိုလ်မှူးက မနက် ၄ နာရီခွဲတာနဲ့ လက်ဖက်ရည်ဖျော်ဆရာကစလို့ ဆိုင်အလုပ်သမားအကုန် သတိဆွဲ တန်းစီရပ်ခိုင်းကာ တနာရီလောက်ကြာ မိန့်ခွန်းခြွေမှန်း သိရတယ်။
“မနေ့တုန်းက အလုပ်လုပ်တာ ဘယ်သူက ဘာအမှားလုပ်တယ်၊ ဘယ်လိုပြုပြင်ဖို့လိုတယ် ဆိုတာကို စာရွက်နဲ့မှတ်ထားပြီး ပြောတော့တာ” လို့ သူက ပြောပြတယ်။
တခါတရံပြောတာလည်း မဟုတ်၊ မနက်ခင်းတိုင်း။ ဆိုင်အလုပ်သမားတွေခမျာ အိပ်ချင်မူးတူးနဲ့ သတိဆွဲ နားထောင်ရ။ ကြာတော့ အဲဒီမိန့်ခွန်းကို ကြောက်ပြီး အလုပ်ထွက်ကြနဲ့ ကျနော်တို့မိတ်ဆွေ စားပွဲထိုးလေးလည်း ၆ လလောက်အကြာမှာ မိန့်ခွန်းဒဏ်မခံနိုင်တော့လည်း တခြားအလုပ် ပြောင်းပြေးရ။ ထားတော့။
တရုတ်ကို အလည်အပတ်ခရီးစဉ်သွားတိုင်း သတိထားမိတဲ့ နောက်တချက်က ညစာစားပွဲတိုင်းမှာ ညစာတည်ခင်းတဲ့ တရုတ်အကြီးအကဲက မိန့်ခွန်းခြွေလေ့ရှိတာပါ။ တချို့က လိုရင်းတိုရှင်း၊ တချို့က တော်ရုံနဲ့မပြီး။ ဒီကြားထဲ မြန်မာမီဒီယာတယောက်ယောက်က သူတို့ဖြေချင်တဲ့မေးခွန်းမျိုး သွားမေးခဲ့ရင် ဗိုက်ဆာပြီသာမှတ်တော့။
ဒါနဲ့ တရုတ်မှာ အနေကြာပြီး တရုတ်စကားလည်း ကျွမ်းကျင်၊ တရုတ်ယဉ်ကျေးမှုအကြောင်း ဆည်းပူးနေတဲ့ မြန်မာတဦးနဲ့ ရင်းနှီးပြီး မေးကြည့်တော့ ပြည်မကြီးတရုတ်တွေက ဩဝါဒပေးရတာ ဝါသနာပါတဲ့အကြောင်းနဲ့ အဲဒါဟာ တရုတ်လူမျိုးတွေရဲ့ သွေးသားထဲ စိမ့်ဝင်စီးဖြာနေတဲ့ ကွန်ဖြူးရှပ် အဘိဓမ္မာနဲ့ အထက်ကနေ အောက်သို့သွားတဲ့ ကွန်မြူနစ်အုပ်ချုပ်မှုစနစ်ရဲ့ ပုံသွင်းလောင်းမှုကြောင့်လို့ ယူဆကြောင်း ဆိုတယ်။
ကွန်ဖြူးရှပ်ဆိုတာက တရုတ်လူမျိုးတို့ရဲ့ ဘဝလမ်းပြ ဒဿန။ အကြီးအကဲတို့ရဲ့ မှန်ကန်ဖြောင့်မတ်မှုနဲ့ ဆုံးမသွန်သင်မှုကို အလေးအမြတ်ပြုခြင်း ဆိုတဲ့ ကွန်ဖြူးရှပ်ဒဿနက ဩဝါဒပေးရတာ ဝါသနာပါတဲ့ လူကြီးလူကျယ်တွေ ဖြစ်အောင် ပုံသွင်းခဲ့သလို ပြည်သူတွေရဲ့ အထက်မှာရှိနေတဲ့ ကွန်မြူနစ်ခေါင်းဆောင် အဆင့်ဆင့်ရဲ့ ဆုံးမသွန်သင် လမ်းညွှန်ချက်ပေးခြင်းနဲ့ နာခံပွားများဖို့ရာ သံပတ်တင်းခြင်းဆိုတဲ့ တရုတ်ကွန်မြူနစ်ယန္တရားကြီးကလည်း ရှေ့သို့ချီနေတဲ့ တရုတ်ပြည်ကြီးအတွက် လမ်းပြမြေပုံတရပ်လည်း ဖြစ်တယ်။
တိန့်ရှောင်ဖိန် ချိုးကွေ့ပစ်လိုက်တဲ့ တရုတ်အရွေ့ဟာ သွေးထဲသားထဲကနေ အလုပ်လုပ်ချင်နေတဲ့ တရုတ်လူ့အဖွဲ့အစည်းရဲ့ ရုန်းကန်ထကြွနေမှုနဲ့ တည့်တည့်တိုးမိပြီးနောက် တရုတ်ရဲ့ ကြွယ်ဝမှုကလည်း ဒီရေအလား တိုးပွားလာတော့တယ်။ တရုတ်ဟာ ကြွယ်ဝလာခြင်းနဲ့အပြိုင် အမေရိကန်ကို ဖက်ပြိုင်နိုင်တဲ့ ကမ္ဘာ့အဆင့် နိုင်ငံရေးဩဇာကြီးရေးကို လုံ့လစိုက်ရုံတင်မက အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာကြီးကနေ တရုတ်ဦးဆောင်တဲ့ ကမ္ဘာကြီးအထိ အိပ်မက် မက်လာတော့တယ်။
တရုတ်လူ့အဖွဲ့အစည်းမှာ အရင့်အရင်ကတည်းက ရှိနှင့်ပြီးဖြစ်တဲ့ ကွန်ဖြူးရှပ်ဒဿနနဲ့ ကွန်မြူနစ်စနစ်ရဲ့ အာဏာရှင်စရိုက်တို့က အကြီးအကဲဝါဒကို ထုဆစ်ပေးခဲ့သလို တရုတ်ရဲ့ ကြီးထွားလာတဲ့ အင်အားက ဗိုလ်ကျစိုးမိုးရေးဝါဒီကြီးဖြစ်အောင် ထပ် ပုံသွင်းခဲ့ပြန်တယ်။
အဲဒီလို ဧရာမနဂါးကြီးဖြစ်လာတဲ့ တရုတ်နဲ့ မြန်မာတို့ဟာ ကမ္ဘာတည်သရွေ့ ရွှေ့ပြောင်းလို့မရတဲ့ အိမ်နီးချင်းတွေဆိုတော့ ရှေ့နှစ်ပေါင်းများစွာကတည်းက တနိုင်ငံရဲ့ ပြဿနာဟာ အိမ်နီးချင်းနိုင်ငံကို ရိုက်ခတ်ခဲ့မြဲ ဖြစ်တယ်။ အတိတ်ခေတ်သမိုင်းကို ပြန်လှန်လှောလိုက်ရင် မြန်မာတွေ တရုတ်နိုင်ငံထဲ ရွှေ့ပြောင်းခိုလှုံခဲ့တယ် ဆိုတာမျိုး မကြားရသလောက် ရှားပေမဲ့ တရုတ်တွေကတော့ ပုဂံခေတ်ကတည်းက မြန်မာနိုင်ငံထဲ ရွှေ့ပြောင်းလာခဲ့ကြတယ်။ မိမိရဲ့ ဇာတိချက်မြှုပ်ကို စွန့်ကာ ကိုယ်တခါမှ မရောက်ဘူးတဲ့ ဒေသသစ်တခုဆီ ပြောင်းရွှေ့အခြေချတယ်ဆိုတာ တော်ရုံလောက်နဲ့ မစွန့်စားရဲတဲ့ ကိစ္စရပ်ကြီးလည်း ဖြစ်တယ်။ ကိုယ့်ဘိုးဘွားတွေ အခြေချခဲ့တဲ့ ဒီမြေသားပေါ်မှာ ဆက်လက်နေထိုင်ရင် ထာဝစဉ်မပြောင်းလဲ သုညပြီးသုညသာ ဆက်လက် ပွားစီးနိုင်တာကြောင့်နဲ့ အသက်ရှင်သန်ရေးကိုပါ ထိခိုက်လာနိုင်တာကြောင့်သာ ဒေသသစ်တခုဆီ တထိတ်ထိတ်နဲ့ စွန့်စားကြခြင်းဖြစ်တယ်။
ခေတ်အဆက်ဆက် တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်ကနေ မြန်မာနိုင်ငံထဲရောက်လာတဲ့ လက်ရှည် တရုတ်တွေနဲ့ ကွမ်တုန်းပြည်နယ်က ပြောင်းလာတဲ့ လက်တိုတရုတ်တွေ ထုနဲ့ထည်။ ၁၉၉၀ ဝန်းကျင်မှာတောင် မန္တလေးတခွင် ရောက်ရှိ အခြေလာတည်တဲ့ တရုတ်တွေ အလုံးအရင်း။ ပြောရရင် တရုတ်တို့ရဲ့ အထွေထွေအကျပ်အတည်း ပြဿနာတွေဟာ ပုဂံခေတ်ကတည်းက မြန်မာအပေါ် သက်ရောက်ခဲ့ခြင်းလို့ ဆိုနိုင်တယ်။
မြန်မာအစိုးရတွေက အဲဒီတရုတ်တွေကို နိုင်ငံခြားသားကတ် (FRC ကတ်) သာ ထုတ်ပေးပြီး နိုင်ငံသားအခွင့်အရေး ကန့်သတ်မှုတွေ ရှိတယ်။ ပထမစစ်အာဏာရှင် နေဝင်းလက်ထက် ပြည်သူပိုင်သိမ်းတာ၊ တရုတ်ကျောင်းတွေကို ပိတ်တာနဲ့ တရုတ်-ဗမာ လူမျိုးရေးအဓိကရုဏ်း စစ်အာဏာရှင်တွေရဲ့ ပယောဂကြောင့် ဖြစ်ပေါ်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ မြန်မာ့လူ့အဖွဲ့အစည်းက ပြောင်းရွှေ့အခြေချလာတဲ့ တရုတ်တွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ နိုင်ထက်စီးနင်း ပြုကျင့်မှုတွေ တော်တော်နည်းတာကတော့ သိပ်သေချာတယ်။ ထပ်ကြီးကျယ်ပြရရင် ရွှေ့ပြောင်းတရုတ်တွေဟာ အိမ်ရှင် မြန်မာတွေရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကိုတောင် ရခဲ့တာကြောင့် ဒုက္ခတွေ တပွေ့တပိုက်နဲ့ ရောက်လာတဲ့ တရုတ်တွေကို မြန်မာတွေက လိုလိုချင်ချင် ထမ်းပိုး ဖြေလျှော့စေခဲ့တယ်လို့လည်း ဆိုနိုင်တယ်။
မြင်သာထင်သာ တရုတ်က ပေးတဲ့ ပြဿနာကြီးတရပ်ကလည်း ၁၉၄၉ ခုနှစ်မှာ အိမ်နီးချင်း မြန်မာကို အကြီးအကျယ် လာဆောင့်ခဲ့ဖူးတယ်။ အားလုံးသိကြတဲ့ တရုတ်ဖြူ ကျူးကျော်စစ်။ မော်စီတုန်း ဦးဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ချန်ကေရှိတ် ဦးဆောင်တဲ့ ကူမင်တန်ပါတီတို့ နှစ်လရှည်ကြာ ပြည်တွင်းစစ်ကြီး ဆင်နွှဲကြပြီးနောက် ၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်တို့ ပြည်လုံးကျွတ် အောင်ပွဲခံခဲ့တယ်။ ကူမင်တန်တွေ ထိုင်ဝမ်ကို ထွက်ပြေးကြပေမဲ့ ယူနန်ပြည်နယ် အတွင်းရှိ စစ်ရှုံး ကူမင်တန်တွေက မြန်မာနိုင်ငံထဲ ဝင်ချလာခဲ့တယ်။ ဝင်လာခါစတုန်းက အင်အား ၈၀၀ လောက်၊ မိုင်းယန်းမြို့ကို သိမ်းလိုက်တယ်။ နောက်ပိုင်း ကျိုင်းတုံမြို့တွင်း စိမ့်ဝင်၊ တာချီလိတ်မြို့ကိုလည်း သိမ်းပိုက်။ ၁၉၅၂ ခုနှစ်မှာ စုစုပေါင်းအင်အား ၁၂,၀၀၀ အထိ ရှိလာ။ ကူမင်တန်တွေရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်က မြန်မာနယ်စပ်ဒေသတွေကို အခြေပြုကာ တရုတ်မြေ တရုတ်ကွန်မြူနစ်တွေကို အနှောင့်အယှက်ပေးနိုင်ရေး။
မြန်မာအစိုးရက တရုတ်ဖြူကျူးကျော်မှုကို ကုလသမဂ္ဂထံ တိုင်ကြားခဲ့ပေမဲ့ ကုလသမဂ္ဂရဲ့ ထုံးစံအတိုင်း ဟိုလိုလိုဒီလိုလိုနဲ့ လက်တွေ့အလုပ်မဖြစ်။ တရုတ်ဖြူရဲ့နောက်မှာ အမေရိကန်က အခိုင်အမာ ရပ်နေတယ်။ နောက်ဆုံးတော့ အာဏာရှင်လက်ကိုင်တုတ် မဖြစ်သေးတဲ့ ဗမာ့တပ်မတော်က ဗိုလ်မှူးချုပ်ကျော်ဇော ဦးဆောင်ကာ ကိုယ့်ခွန်ကိုယ့်အားနဲ့ ကူမင်တန် တရုတ်တွေကို မြန်မာမြေပေါ်ကနေ မောင်းထုတ်ခဲ့ရတယ်။
တကယ်တော့ တရုတ်ဖြူ ကျူးကျော်မှုဆိုတာ တရုတ်နိုင်ငံရဲ့ ပြဿနာ။ တရုတ်ဖြူနဲ့ တရုတ်နီတို့ကြား ပြည်တွင်းစစ် အရှုပ်ထုပ်ကြီးက အိမ်နီးချင်း မြန်မာအပေါ် အကြီးအကျယ် တိုက်ရိုက်သက်ရောက်ခဲ့တယ်။ တရုတ်ဖြူ ကျူးကျော်မှုကို တိုက်ထုတ်ရာမှာ တရုတ်အစိုးရရဲ့ အကူအညီ ငါးပြားတစေ့ ရတယ်လို့တောင် မကြားရ။ အဲဒီအချိန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ ဆိုတာ အခုမှ စတင်ခါစ အစိုးရဖြစ်ခြင်းနဲ့ တိုင်းပြည်က ကြီးမား၊ ပြည်တွင်းစစ်ကလည်း အခုမှ ပြီးခါစမို့ ပြည်သူတွေ အငတ်ငတ်အပြတ်ပြတ်။ ဒါကို မြန်မာအစိုးရရော မြန်မာပြည်သူတွေကပါ ကောင်းကောင်းကြီး နားလည်တာကြောင့် မင်းတို့အရှုပ် ငါတို့ရှင်းရတယ် ဆိုတာမျိုး တခွန်း အပြစ်မတင်။ ကြည်ဖြူစွာ၊ အိမ်နီးချင်းကောင်း ပီသစွာ။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ မကြာခဏ ညွှန်းဆိုလေ့ရှိတဲ့ နှစ်ပေါင်းထောင်ချီကြာ တအူထုံ့ဆင်း ညီရင်းအစ်ကို ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု အမှတ်အသား။ မြန်မာက အကောင်းဆုံး ထုဆစ်ပြခဲ့တယ်။
ဆွေမျိုးပေါက်ဖော် ဆိုတဲ့စကားကို အများနားလည်အောင် ဖွင့်ဆိုရရင် အကျိုးအမြတ်အပေါ် အခြေမခံ၊ ညီရင်းအစ်ကိုစိတ်ဓာတ်နဲ့ ကိုယ်ကျိုးမကြည့် ကူညီမှုဖြစ်တယ်။ တရုတ်အစိုးရကရော ကိုယ်ကျိုးမဖက် အကျိုးစီးပွား မျှော်လင့်ချက် တစုံတရာမရှိဘဲ မြန်မာအပေါ် ဘာတွေ ဘယ်လို ကူညီပေးခဲ့ပါသလဲ။
ဒီနေ့ နွေဦးတော်လှန်ရေးဟာ အိမ်နီးချင်း တရုတ်အပေါ် ရိုက်ခတ်မှုရှိနေပေမဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် မြန်မာ့ပြဿနာ တရုတ်ကိုပါ သွားစင်နေတာ သတိပြုမိဖို့ လိုပါမယ်။ မြန်မာ့နွေဦးမှာ တရုတ်ရဲ့ ထင်ရှားတဲ့ အမှတ်အသားတခုက ကျည်ဆန်တွေရဲ့ဝေးရာကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူတွေအပေါ် စာနာစိတ်ကင်းမဲ့စွာနဲ့ တရုတ်မြေ ခြေတလှမ်း အဝင်မခံ၊ စစ်ရှောင်ပြည်သူတွေကို ဆန်တစေ့ မကူရုံတင်မက မြန်မာတိုင်းရင်းသား လက်နက်ကိုင် ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို လည်မျိုညှစ်ပြီး တရုတ်အလိုတော်အတိုင်း လျှောက်လှမ်းစေဖို့ ဖြတ်ငါးဖြတ် လုပ်ဆောင်ခဲ့ရာမှာ ရှမ်းမြောက် ပြည်သူတွေကိုပါ အငတ်ဘေးသင့်စေခြင်းပါပဲ။ ဒါ့အပြင် တရုတ်က မြန်မာ့အရေးကို ကြားဝင်ကူညီဖို့ မကြိုးစားဘဲ ပြည်သတ်စစ်ကောင်စီဘက်က ပြောင်ပြောင်တင်းတင်း ရပ်တည်ပေးခြင်းကလည်း အိမ်နီးချင်းကောင်းစိတ်ဓာတ် ပျက်ယွင်းနေခြင်းနဲ့ နိုင်ငံကြီးတနိုင်ငံရဲ့ ဂုဏ်သိက္ခာကင်းမဲ့မှုကို ဖော်ပြနေပါတယ်။
တရုတ်က တရုတ်ပုံစံအတိုင်း ဩဝါဒခြွေမယ်။ သူတို့ရဲ့ ဩဝါဒကို လိုက်နာဖို့ လိုအပ်ရင် သံပတ်တင်း ဒဏ်ခတ်ပြီး လိုအပ်ရင် ဆုပေးမယ်။ အဲဒီလိုနည်းနဲ့ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေကို ဗိုလ်ကျခြင်းဟာ တရုတ်ရဲ့ လက်တွေ့ နိုင်ငံခြားရေးပေါ်လစီပါပဲ။