
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲချခဲ့တာကြောင့် သံဃာတော် ၁ ပါးထိခိုက်ဒဏ်ရာရသလို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ လူနေအိမ်တွေ ပျက်စီးကုန်တယ်လို့ ရေတာရှည်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
တော်ဝင်လျှပ်စီးစစ်ကြောင်း (Royal Thunder Column) ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အီဗယ် က “ရေတာရှည်မြို့နယ်ထဲက စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ပိတောက်ကုန်းရွာနဲ့ ဂူကြီးရွာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အကြောင်းမဲ့ ဗုံးကြဲခံလိုက်ရတာဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပိတောက်ကုန်းကျေးရွာကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့တာအပြင် Y12 လေယာဉ်ပေါ်ကနေလည်း ပွိုင့်ဖိုက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့လို့ လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။
ပိတောက်ကုန်းကျေးရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ဂူကြီးကျေးရွာကိုတော့ ညနေ ၆ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံး ၄ လုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဂူကြီးကျေးရွာဘုန်းကြီးကျောင်း၊ ဓမ္မာရုံအပြင် လူနေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့သလို အသက် ၄၀ ကျော် သံဃာတော် ၁ ပါးလည်း ဘယ်ဘက်ပေါင်အရင်းမှာ မစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တော်ဝင်လျှပ်စီးစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ဝါဆို ကလည်း “ရေတာရှည်မြို့နယ်ထဲက တချို့နေရာတွေမှာတော့ တိုက်ပွဲတွေဖြစ်နေတာရှိတယ်။ ဒါပေမယ့် အခုဗုံးကြဲခံလိုက်ရတဲ့ ပိတောက်ကုန်းနဲ့ဂူကြီးရွာတွေဘက်မှာတော့ တိုက်ပွဲဖြစ်တာလုံးဝမရှိဘူး။ သူတို့လုပ်ရပ်ဟာ မြေပြင်မှာစစ်ရှုံးပြီး ပြည်သူက သူတို့ဘက်မပါလို့ ပြည်သူကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ရေတာရှည်နယ်ထဲမှာတင်မဟုတ်ဘူး၊ တနိုင်ငံလုံးမှာစစ်ရှုံးနေတဲ့ မင်းအောင်လှိုင်တပ်က လူမဆန်တဲ့လုပ်ရပ်တွေနဲ့ ပြည်သူအပေါ်ကို စစ်ရာဇဝတ်မှုတွေ အကြိမ်ကြိမ်ကျူးလွန်နေတာဖြစ်တယ်” လို့ DVB ကိုပြောပါတယ်။
အခု လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပိတောက်ကုန်းကျေးရွာနဲ့ဂူကြီးကျေးရွာဟာ KNU တပ်မဟာ ၂ ရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရချိန်မှာ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပေမယ့် မတ် ၁ ရက်နေ့မှာတော့ ထွက်ပြေးနေကြတဲ့ဒေသခံတွေဟာ ကျေးရွာတွေအတွင်း ပြန်လည်ဝင်ရောက်ပြီး ရှင်းလင်းရေးတွေလုပ်နေကြတယ်လို့လည်း ရေတာရှည်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
လေကြောင်း တိုက်ခိုက်ခံရတဲ့သတင်းတချို့ကို စစ်ဘက်ရေးရာလုံခြုံရေးအခြေအနေကြောင့် မြေပြင်သတင်းဖြန့်ဝေတာကို ခဏထိန်းထားရတဲ့အတွက် ထုတ်ပြန်ဖို့နှောင့်နှေးနေရတာဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုတော့ အချိန်နဲ့တပြေးညီတင်ပြထားပြီးဖြစ်တယ်လို့ ရေတာရှည်မြို့နယ် အရှေ့ကမ်းအခြေစိုက် တပ်ရင်း ၃၅၀၄ (ပုဝါနီစစ်ကြောင်း) ရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဗိုလ်ထိန်လင်း က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရေတာရှည်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်ကို သတိထား သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။