Home
မြန်မာသတင်း
စစ်ကောင်စီ၏ စီးပွားရေး မူဝါဒအမှားများကြောင့် ဆန်၊ ဆီ အခြေခံစားကုန်ဈေးနှုန်းများ မြင့်တက်  
DVB
·
June 25, 2024

စစ်ကောင်စီရဲ့ စီးပွားရေး မူဝါဒနဲ့ မဟာဗျူဟာအမှားတွေကြောင့် ဆန်နဲ့ ဆီလို အခြေခံစားကုန်တွေကအစ ဈေးနှုန်းတွေ အဆမတန်မြင့်တက် မတည်ငြိမ်တာတွေ ဖြစ်ပေါ်နေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြလိုက်ပါတယ်။

ဈေးနှုန်းတွေ တောက်လျှောက်တက်လာခဲ့တဲ့ ရွှေနဲ့ ဒေါ်လာ ရောင်းဝယ်သူတွေ အပါအဝင် ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်ကတည်းက ဆန်လုပ်ငန်းလုပ်ကိုင်သူ ထိပ်တန်းလုပ်ငန်းရှင်တွေကို စစ်ကောင်စီက ခေါ်ယူမေးမြန်းနေခဲ့တာပါ။

အဲဒီလိုဖြစ်ရတာတွေက စစ်ကောင်စီရဲ့ စီးပွားရေး မူဝါဒနဲ့ မဟာဗျူဟာအမှားတွေကြောင့် ဖြစ်တယ်လို့ မဟာဗျူဟာချမှတ်ရေး ဆွဲခဲ့သူကျွမ်းကျင်သူ တဦးက ထောက်ပြ ပြောဆိုပါတယ်။

“နံပါတ်တစ်အချက်က သူတို့က နိုင်ငံခြားသုံးငွေကို ထိန်းချုပ်ချင်တယ်။ နံပါတ်နှစ်အချက်က ပြည်တွင်းမှာရှိတဲ့ရောင်းရေးဝယ်တာကိစ္စတွေကိုရော ဈေးမတက်အောင်ပေါ့၊ ဈေးတက်တာက သူတို့ကို ဒုက္ခပေးရာရောက်တာပေါ့။ အဲဒီနှစ်ခုပေါ့။ အဲဒီနှစ်ခုကို ထိန်းကျောင်းတဲ့အခါမှာ သူတို့က ထိန်းကျောင်းတဲ့ သတ်မှတ်ဈေးတွေနဲ့ လုပ်တဲ့ဟာကိုပဲ လုပ်လေ့ရှိတော့ သူတို့က အဲ့ဒီကစပြီး မဟာဗျူဟာ မှားသွားတာပေါ့နော်။ အဲဒီအမှားကြီးအတိုင်းကို ဆက်ပြီးတော့ သူတို့ဟာသူတို့ မှားမှန်းသိပေမဲ့ ရေဆုံးမြေဆုံး လိုက်တော့မယ်ဆိုပြီးတော့ သူတို့က အဲဒီလိုတွေ လိုက်လုပ်တာ။”

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ တနှစ်အတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ ဆန်ကုန်သည်အသင်းရဲ့ ဆန်ဈေးနှုန်း နှိုင်းယှဥ်ချက်စာရင်းအရ လူသုံးများတဲ့ ဆန်တွေဖြစ်တဲ့ ကျားပျံရှယ်က ၇၇ ရာခိုင်နှုန်း၊ ရွှေဘိုပေါ်ဆန်းက ၆၃ ရာခိုင်နှုန်း၊ ဧည့်မထအုပ်စုက ၃၉ ရာခိုင်နှုန်းနဲ့ ပေါ်ဆန်းနယ်စုံ ကထွက်တဲ့ဈေးက ၅၂ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။

အခုချိန်မှာတော့ ရွှေဘိုပေါ်ဆန်းဈေးက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ထိပ်စ တတင်းခွဲဆန် တအိတ်ကို ကျပ် ၈၅၀၀၀ ကနေ ကျပ် ၂၀၄၀၀၀ အထိမြင့်တက်သွားတဲ့အတွက် ရာခိုင်နှုန်း ၃၀၀ နီးပါးနဲ့ ဧည့်မထအုပ်စုကလည်း ထိပ်စ တတင်းခွဲတအိတ်ကို ကျပ် ၂၆၀၀၀ ကနေ ကျပ် ၁၃၂၀၀၀ အထိ မြင့်တက်လာတဲ့အတွက် ရာခိုင်နှုန်း ၅၀၀ အထိမြင့်တက်လာတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နွေစပါးရာသီကစလို့ စက်သုံးဆီကအစ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ သယ်ယူ ပို့ဆောင်စရိတ်တွေ မြင့်တက်လာသလို စပါးဈေးက အထိုက်လျောက် မြင့်တက်လာပေမဲ့ လတ်တလော ပဲခူးအနောက်ခြမ်းဒေသမှာ စပါးဈေးက ဧည့်မထအုပ်စုဝင် ဆင်းသုခစပါး တင်း ၁၀၀ ကို ကျပ် ၁၄ သိန်းသာ ရှိတော့တဲ့အတွက် ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူအချင်းချင်း ဈေးကစားတာတွေအပေါ် ထိန်းကျောင်းနိုင်တာ မရှိဘူးလို့ ပြည်မြို့က ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“ဒီဟာက ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ်ထိုက်ဆိုတာတော့မပြောလိုဘူးပေါ့လေ။ သို့သော်လည်းပဲ ဈေးကစားမှု ဟုတ်၊ မဟုတ် ဆိုတာက ဘာနဲ့သုံးသပ်လို့ရလဲဆိုတော့ ခုနပြောတဲ့ဆီဈေးတက်တာတို့၊ လမ်းပန်းဆက်သွယ်ရေးကြောင့် သွင်းအားစုတွေ တက်လာတာတို့က မှန်တယ်။ ထိုက်သင့်တဲ့ဈေးနှုန်း ရှိရမယ်ဆိုတာလည်းမှန်တယ်။ သို့သော်လည်းပဲ အခုဟာက ဆန်ဈေးမှ မြင့်ပြီးတော့ ကုန်ကြမ်းဈေးကျတော့ စပါးဈေးကျတော့ ၁၄ လောက်အထိပဲ ရှိတဲ့အခါကျတော့ လယ်သမားအတွက်လည်း မကိုက်တော့ဘူးလေ။ ဆိုတော့ ဈေးကစားတဲ့သူတွေရဲ့ လက်ထဲမှာ ဆန်ဈေးကိုသူတို့က ကစားပြီးတော့ စပါးဈေးကျတော့ နှိမ်ထားတယ်။ အဲ့ဒါလည်းကုန်သည်က နှိမ်ထားတယ်ဆိုတာတော့ အကြောင်းအမျိုးမျိုးက ရှိနေတာပေါ့။”

စစ်ကောင်စီက ဆန်လုပ်ငန်းလုပ်ကိုင်သူတွေကို ခေါ်ယူစစ်ဆေးပြီးနောက် ဇွန် ၂၂ ရက် ည ၁၀ နာရီမှာပဲ စားသုံးသူ အိမ်ထောင်စုများအတွက် တစ်လစာ ဆန်ချောနဲ့ဆန်ကြမ်း တအိတ်စီကို ဆန်ကုန်သည်အသင်းက ထုတ်ပြန်တဲ့ ဆန်ဈေးနှုန်းထက် အနည်းငယ်နှိမ့်ပြီး သက်သာတဲ့ဈေးနဲ့ ဆန်ရောင်းချပေးမယ့်အစီအစဥ်ကို ဆန်စပါးအသင်းချုပ်က ထုန်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ထိပ်တန်းဆန်ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းအပါအဝင် ဧရာဝတီ ပေါ်ဆန်းနဲ့ ဆန်ကွဲ ၁၅ ရာခိုင်နှုန်းပါဝင်တဲ့ ဧည့်မထဆန်တွေကိုလည်း တတင်းခွဲ တအိတ်ကို အနည်းဆုံး ကျပ် ၇၂၀၀၀ ကနေ အများဆုံး ကျပ် ၁၄၅၀၀၀ အထိ သတ်မှတ်ထားပြီး  ဇွန် ၂၄ ရက်က မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းပြပြီး လာရောက်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလော ဆန်စပါးဈေးတည်ငြိမ်အောင် ဒီလိုလုပ်ငန်းတွေဆောင်ရွက်နေပေမဲ့ တနိုင်ငံလုံး အတိုင်းအတာအရ ဆန်စပါးဈေးတွေ တည်ငြိမ်ဖို့၊ ဈေးကစားပြီး အကျိုးအမြတ် ရှာဖွေနေတဲ့ ဆန်စပါးလုပ်ငန်းရှင်တွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်တာမရှိသေးဘဲ ဆန်ဈေးကြီးတဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် ရန်ကုန်မြို့အခြေစိုက် ဆန်ကုန်စည်ဒိုင်နှစ်ခုမှာပဲ သက်သာတဲ့ဈေးနဲ့ ဆန်အကန့်အသတ် ရောင်းချပေးတဲ့ အစီအစဥ်ကိုပဲ စစ်ကောင်စီက ဦးဆောင်မှုနဲ့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်လာတာဖြစ်ပါတယ်။

လတ်တလောမှာ ရွှေ၊ ဒေါ်လာ၊ ဆန်နဲ့စားအုန်းဆီလုပ်ငန်းရှင်တွေအပြင် တခြားလူသုံးကုန်နဲ့ စားကုန်တင်သွင်းသူတွေကိုလည်း စစ်ကောင်စီက ခေါ်ယူစစ်ဆေးတာတွေ ရှိနေပါတယ်။

ဒါကြောင့် ပို့ကုန်ရငွေမူဝါဒကစလို့ စစ်ကောင်စီရဲ့ အရပ်ဘက် ဝန်ဆောင်မှုလုပ်ငန်းတွေကလည်း အရင်ကထက် ပိုပြီးစိုးရိမ်စရာကောင်းလာနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်လာကြတာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024