Home
မြန်မာသတင်း
ကျောက်မဲ တိုက်ပွဲတွင် ဒေသခံ ၅ ဦး ကျည်ထိမှန်ပြီး  ၂ ဦးသေဆုံး 
DVB
·
June 25, 2024
Photo - သေဆုံး၊ ဒဏ်ရာရသူများ

 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ ဇွန် ၂၅ ရက် မနက် ၅ နာရီကျော် လောက်ကတည်းက စစ်‌ကောင်စီ နဲ့  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကျည်တွေ ရပ်ရွာထဲကျလာတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ 

ပစ်ခတ်သံတွေဟာ ကျောက်မဲမြို့ အရှေ့ဘက် ငြိမ်းချမ်းရေးကုန်းဘက်က လာပြီး မနက် ၁၁ နာရီကျော်ထိ ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်ကြောင်း၊ လက်နက်ကြီးကျည်တွေဟာ ကျောက် မဲ ရပ်ကွက် ၁  ပိန်းနိမ်ရွာ၊ ဇောတိကုန်းရွာ၊ ရပ်ကွက် ၇ နဲ့ ရပ်ကွက် ၈ တွေထဲ ကျလာပြီး နေအိမ် ၂ လုံးပျက်စီးသွားတယ်ကာ ကလေး ၁ ယောက် အပါအဝင် ဒေသခံ ၅ ဦးထိမှန်ပြီး  ၂  ဦးက နေရာမှာတင် သေဆုံးသွားတယ်လို့ ကျောက်မဲဒေသခံတဦးက DVB ကို ပြောပါတယ်။ 

“ကျမတို့ ကြားရသလောက်ကတော့ ကျောက်မဲရပ်ကွက် ၁ အခွံလွတ်ဈေးရှေ့က အိမ်တအိမ်မှာ လူတယောက် အိမ်ရှေ့ထွက်ထိုင်နေတုန်း သူ့ကို လက်နက်ကျည်မှန်တာ ပွဲချင်းပြီးပဲ။ သေဆုံးတဲ့ နောက်တယောက်က  ၉ ရပ်ကွက် တိလင်ရွာက၊  အဲဒါက အမျိုးသမီး၊ အသေးစိတ်တော့ မသိရဘူး။”

နောက်ထပ် ကျောက်မဲဒေသခံတဦးကလည်း ၁၀ နှစ်ကျော်ရွယ် မိန်းကလေးတယောက် အပါအဝင် ဒဏ်ရာရသူ ၃ ဦးထက်မနည်းရှိပြီ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့တွေက ကျောက်မဲဆေးရုံကြီးကို ပို့ပေးထားတယ်လို့ DVB ကို ပြောပါတယ်။ 

နမ့်ခုံးရှမ်းများ ပရဟိတအသင်းကျောက်မဲရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ရပ်ကွက် ၉ တိလင်ရွာက အမျိုးသမီး ၁ ဦး ဦးခေါင်းကျည်ထိကြောင်း အကြောင်းကြားလို့ ကူညီဖို့လိုက်သွားရာမှာ လူနာမှာ သေဆုံးသွားပြီ ဖြစ်တယ်။  ရပ်ကွက် ၈ အခွံလွတ်ဈေးရှေ့က အမျိုးသား ၁ ဦးကျည်ထိမှန်သေဆုံးတယ်၊ ၁ ဦး ဒဏ်ရာရတယ်။  ပန်ပေါင်းရွာက ၁၄ နှစ်ရွယ် မိန်းကလေး ၁ ဦးလည်း ကျည်ထိမှန်ဒဏ်ရရလို့ ဆေးရုံပို့ပေးလိုက်ရတယ်လို့ ဖော်ပြထားပါတယ်။ 

လက်နက်ကျည်ကျတာကြောင့် ရပ်ကွက် ၁ ထဲက နေအိမ် ၂ လုံးနဲ့ တခြားရပ်ကွက်က အိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး၊ အရေအတွက်အတိအကျတော့ မသိသေးဘူးလို့ ဆိုပါတယ်။ 

တိုက်ပွဲကြောင့် နောင်ပိန်ကျေးရွာအုပ်စုနဲ့ ကျောက်မဲမြို့အနီးတဝိုက်က ပြည်သူတွေရော၊ မန်တီး၊ နောင်ပစ်၊  ကောင်းအက် စတဲ့ရွာတွေက ရွာသား ရာနဲ့ချီ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြကြောင်း၊ နောင်ပိန်ရွာမှာလည်း အများကြီး ရောက်လာတယ်၊  စစ်ဘေးရှောင်တွေ တဖွဲဖွဲ ရောက်လာနေတုန်းမို့ စာရင်းအတိအကျမရသေးသလို နေရာချထားရေးတွေလည်း စီမံလို့ မပြီးသေးဘူးလို့ စစ်ဘေးရှောင်ကူညီသူတဦးက ပြောသွားပါတယ်။ 

ဒါ့အပြင် တိုက်ပွဲကြောင့် ကျောက်မဲ - နောင်ချို လမ်းအပါအဝင် လမ်းပိုင်းအချို့ သွားလာလို့မရတာကြောင့် ယာဉ်တွေ ပိတ်မိနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024