
စစ်မှုထမ်းကိစ္စနဲ့ တိုင်ကြားခံရတဲ့ မြောက်ဥက္ကလာပမြို့နယ်စီမံ အဖွဲ့ဝင်-၁ ဗိုလ်မှူးချမ်းမြေ့ဦးရဲ့ နေရာကို လေတပ်က ဗိုလ်မှူးဖြိုးဝေလင်းနဲ့ စစ်ကောင်စီက ဇူလိုင် ၁ ရက်မှာ အစားထိုး ခန့်ထားလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဗိုလ်မှူးဖြိုးဝေလင်းက မြောက်ဥက္ကလာပမြို့နယ်မှာရှိနေတဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ကွက်နေသူတွေကို မနေ့ကခေါ်ယူကာ စစ်မှုထမ်းကိစ္စ မသိရင်မေးဖို့နဲ့ တိုင်ကြားတာတွေ မလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“အသစ်ပြောင်းလာတဲ့ ဗိုလ်မှူးက သူက လာဘ်စားတဲ့သူမဟုတ်ကြောင်း၊ စစ်မှုထမ်းကိစ္စနဲ့ မသိရင် မေးလို့ရကြောင်း တိုင်တာတောတာမလုပ်ဖို့ အကုန်လုံးကို ခေါ်ပြောတာ၊ စစ်တပ်ကလူတွေက ရောက်ခါစတော့ ဒီအတိုင်းပဲ၊ နေတာကြာသွားရင် ဇာတိကပြတာပဲ။”
အရင်က မြောက်ဥက္ကလာပမြို့နယ်စီမံ အဖွဲ့ဝင်-၁ မှာ အမြောက်တပ်က ဗိုလ်မှူးချမ်းမြေ့ဦး ဖြစ်ပြီး စစ်မှုထမ်း လူစားထိုးတာ၊ ငွေကြေးတောင်းခံမှုတွေကြောင့် တိုင်ကြားခံရပြီး အရေးမယူဘဲ စစ်ဘက်ကို ပြန်ပို့ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အရင်ဗိုလ်မှူးက ဘယ်လောက်မိုက်ရိုင်းလဲဆိုရင် သူလာတဲ့လမ်းမှာ ဘေးတွဲအမိုးနဲ့ ကားနဲ့ တိုက်မိတာ ဘေးတွဲသမားကို အားရအောင်ရိုက်ပြီး တမြို့လုံးမှာရှိတဲ့ ဘေးတွဲတွေ အမိုးဖြုတ်ခိုင်းတာ၊ အခုချိန်ထိ ဘေးတွဲတွေ အမိုးမတပ်ရဲဘူး၊ ငွေတောင်းတာက သူ့အတွက် အသေးအဖွဲပဲ။”
စစ်မှုထမ်းကိစ္စမှာ လူစားထိုး၊ ငွေကြေးတောင်းခံမှုတွေရှိရင် တိုင်ကြားနိုင်ပြီး မှန်ကန်ပါက အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဇူလိုင် ၃ ရက်က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါတယ်။
ဒီလိုပြောဆိုပေမဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၄ အတွင်း ရွှေဘိုမြို့နယ်က ရဲမှူး သန်းဇော်၊ အကြီးတန်းစာရေး ကျော်ခိုင်လတ်၊ အငယ်တန်းစာရေး သူရိန်ညွန့်နဲ့ ကွမ်းခြံကုန်းမြို့နယ်၊ တိုက်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း စုစုပေါင်း ၄ ယောက်ကိုသာ စစ်ကောင်စီဘက်က အရေးယူခဲ့ပါတယ်။