
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ထမင်းအိုးတည်ထားပြီး ဈေးသွားရာမှ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါင်ဒေသခံတယောက်က “စလောင်တဲ့အိမ်က မခိုင်အေးဖြူရဲ့ အိမ်လို့ သိရတယ်။ အိမ်ပိုင်ရှင်က ဈေးထွက်ဝယ်တုန်း မီးကလောင်နေတာ။ နောက်ထပ်အိမ် ၂ လုံးပါး မီးကူးစက်သွားတာ။ လူတွေတော့ ဘာမှဖြစ်တာ မတွေ့ရဘူး” လို့ ပြောပါတယ်။
နေအိမ်မီးလောင်မှုကို ပတ်ဝန်းကျင်ပြည်သူတွေ၊ မီးသတ်တပ်ဖွဲ့တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ မနက် ၆ နာရီ မိနစ် ၅၃ လောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “မီးက နောက်ထပ် အိမ်တွေကို ကူးစက်လောင်ကျွမ်းတာ မရှိဘဲ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုကို ရဲတပ်ဖွဲ့တွေ အပါအဝင် အားလုံးပူးပေါင်းငြှိမ်းသတ်ခဲ့တာ။ အဓိက မီးလောင်မှုက ပေါ့ဆမီးပါ။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ပိုင်ရှင်ကို သက်ဆိုင်ရာက စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ဒေါ်ခိုင်အေးဖြူရဲ့ အိမ်အပြင် အိမ်နီးချင်းတွေဖြစ်တဲ့ ဦးကျော်ထွန်းနဲ့ဦးသန်းနိုင် တို့ရဲ့ သွပ်မိုး၊ ပျဥ်ကာအပါအဝင် နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Photo : Paung Daily, MFSD