
စပိန်နိုင်ငံရဲ့မြို့တော် မက်ဒရစ်မြို့ ဆင်ခြေဖုံးရပ်ကွက်က လူချမ်းသာတွေအတွက် စာသင်ကျောင်းရဲ့ အပြင်ဘက်မှာ မေ ၂၁ ရက် မနက်ပိုင်းက ယူကရိန်းနိုင်ငံရေးသမားဟောင်း တယောက်ကို ဘယ်သူမှန်းမသိရတဲ့ သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ပိုဇွယ်လိုဒေ အယ်လာကွန် မြို့နယ်က အထက်တန်းလွှာ အမေရိကန်ကျောင်းအပြင်ဘက်မှာ ဒေသစံတော်ချိန် မနက် ၉ နာရီ ၁၅ မိနစ်မှာ ယူကရိန်းနိုင်ငံသားတယောက် ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့တယ်လို့ မက်ဒရစ်ရဲတပ်ဖွဲ့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“လူတော်တော်များများက သူ့ကို နောက်ကျောနဲ့ ဦးခေါင်းကို ပစ်ခတ်ပြီး တောအုပ်တခုဆီ ထွက်ပြေးသွားကြပါတယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်တရပ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အသက် ၅၁ နှစ်အရွယ် အန်ဒရေ ပေါ့ထ်နို့ဗ်ဟာ ၂၀၁၄ ခုနှစ် လူထုအုံကြွမှုမှာ ဖြုတ်ချခံခဲ့ရတဲ့ ရုရှားလိုလားတဲ့ ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ချ်ရဲ့ အကြီးတန်းလက်ထောက်တွေထဲက တယောက်ပါ။ သူဟာ အဲဒီနှစ်မှာပဲ ရုရှားနိုင်ငံဆီ ထွက်လာခဲ့တာပါ။
ယူကရိန်းမှာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အလွဲသုံးစားလုပ်မှု စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမှုတွေအပြင် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီအမှုတွေနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ စွဲချက်တွေကိုရော ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကိုပါ ရုပ်သိမ်းခဲ့ပါတယ်။
လာဘ်ပေးလာဘ်ယူမှုကို ယူကရိန်းတရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေးယန္တရားတို့မှာ ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ခဲ့တယ်လို့ မှတ်ချက်ပြုရင်း အမေရိကန် ဘဏ္ဍာရေးဌာနက ၂၀၂၁ ခုနှစ်မှာ ပေါ့ထ်နို့ဗ်ကို ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။
Source: Reuters