
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပတ်ရှ်တွန်ခါပြည်နယ်၊ မြောက်ဝါဇီရစ္စတန် ခရိုင်ထဲက မီယာအလီမြို့မှာ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် မိသားစုတစုတည်းက ကလေး ၄ ယောက် သေဆုံးပြီး တခြား ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒါကြောင့် ဆန္ဒပြပွဲ တတိယမြောက်နေ့အဖြစ် ဒေသခံတွေက မေ ၂၁ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းအတွက် တာဝန်ခံဖို့ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေနဲ့ ရွာသားတွေက လမ်းတွေကို ပိတ်ဆို့ တောင်းဆိုခဲ့ကြပါတယ်။
အသတ်ခံရတဲ့ ယောက်ျားလေး ၃ ယောက်ရဲ့ ဖခင်နဲ့ စတုတ္ထမြောက် သားလေး အသတ်ခံရတဲ့ ဦးလေး ရှား ဖာဟဒ်က သူ့မိသားစုမှာ အပြစ်မရှိဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မေ ၂၁ ရက်က ထုတ်ပြန်ချက်တရပ်ထဲမှာ ပါကစ္စတန်စစ်တပ်မီဒီယာအဖွဲ့ Inter-Services Public Relations (ISPR) က အရပ်သားသေဆုံးဒဏ်ရာရမှုတွေကို ရှုတ်ချခဲ့ပါတယ်။
ဒါပေမဲ့ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး စွပ်စွဲချက်တွေက အခြေအမြစ်မရှိ၊ လှည့်ဖြားခြင်းသာ ဖြစ်တယ်၊ ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ISPR က ပြောပါတယ်။
အာဖဂန် နယ်စပ်နားက စစ်သွေးကြွတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ မြောက်ဝါဇီရစ္စတန် ခရိုင်ထဲမှာ သောင်းကျန်းသူအဖွဲ့တွေကို စစ်ရေးအရ စစ်ဆင်ရေးတွေ လုပ်ခဲ့ပေမဲ့ ဆက်တိုက်ဆိုသလို အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရပါတယ်။
Source: Reuters